Monday, 26 May 2014
မိဘများကို အသက်ထက်ဆုံးလုပ်ကျွေးနိုင်ကြပါစေ
မိဘများကို အသက်ထက်ဆုံးလုပ်ကျွေးနိုင်ကြပါစေ
.................................................................................
ဒီနေ့တော့ ကိုရီးယား ဆိုက်များကို လိုက်လံ ဖတ်ရှုရာမှ သဘောကျမိသော ဝတ္ထုတိုလေးတစ်ပုဒ်ကို ဖော်ပြပေးလိုက်ပါတယ်။ ကိုရီးယားမှာရှိတဲ့ အမေတစ်ယောက်နဲ့ သမီးတစ်ယောက်ရဲ့ ဇာတ်လမ်းလေးပါ........
"သမီးရေ.......အိပ်ယာထတော့လေ။ ကျောင်းသွားရမယ်မလား။ "
အမေ့ရဲ့ အော်သံကြောင့် မျက်စိများ ပွင့်ခဲ့ရပါပြီ။ အမြဲတမ်း လုပ်နေကျအတိုင်း အိပ်ယာကနေ နိုးနိုးချင်း မှန်တွေ ကွဲအက်နေတဲ့ နံရံကပ် နာရီကို လှမ်းကြည့်လိုက်ပါတယ်။ နာရီကို ကြည့်ပြီးတာနဲ့ ကျွန်မဟာ မျက်မှောင်ကြုတ်ရင်း အမေ့ကို ဘာလို့ ခုမှ နှိုးတာလဲ..နောက်ကျကုန်ပြီ...စိတ်တိုဘို့ ကောင်းလိုက်တာ ဆိုပြီး အော်ပြောလိုက်ပါတယ်။ ပြီးတော့ အခန်းတံခါးကို ဒုန်းခနဲ မြည်အောင်ဆောင့် ပိတ်ပြီး ကျောင်းသွားဘို့ အလောတကြီးနဲ့ ပြင်ဆင်နေခဲ့ပါတယ်။ (မှတ်ချက်။ ကိုရီးယားမှ အထက်တန်းကျောင်း၊ အလယ်တန်းကျောင်းများမှာ ကျောင်းနောက်ကျလျှင် ပြင်းပြင်းထန်ထန် အပြစ်ပေးတတ်ပါသည်။) အားလုံးပြင်ဆင်ပြီး ကျောင်းသွားဘို့ အိမ်ကထွက်မည်အလုပ်တွင် ကျွန်မနောက်ကနေ အမေ့အသံကို ကြားလိုက်ရပါတယ်။
"သမီး~~တောင်းပန်ပါတယ်ကွယ်...အမေ သိပ်နေမကောင်းလို့ပါ။ "
ဒီအသံကို ကြားတာနဲ့ ကျွန်မလဲ သိပ်စိတ်မရှည်တာနဲ့...
"ဒီတခါလည်း အအေးမိပြန်ပြီလား..အအေးကလည်း မိဘဲ မိနိုင်လွန်းတယ်။ "
ဒီတော့ အမေက ကျွန်မကို အားနာသောဟန်ဖြင့်
"နောက်ကျမှ နှိုးမိတဲ့အတွက် အမေ စိတ်မကောင်းပါဘူး......ဒီမှာ သမီးအတွက် ထမင်းဘူး ယူသွားဦးနော်။ "
ကျွန်မက ကျောင်းကလည်းနောက်ကျ စိတ်ကလည်းတိုနေတော့ အမေ လှမ်းပေးတဲ့ ထမင်းဘူးကို ကြမ်းပြင်ပေါ်ကို ပစ်ချပြီး တော်ပြီ..မစားတော့ဘူး..ကျောင်းဘဲ သွားတော့မယ် ..ဆိုပြီး ကျွန်မ အိမ်မှ ထွက်လာခဲ့ပါတယ်။ အမေ့ကို ဂရုမစိုက်ဘဲ ကျွန်မ ကျောင်းသွားမယ့် လမ်းကို ပြေးထွက်လာရင်း နောက်ကို တချက် ပြန်ကြည့်လိုက်တော့ အမေဟာ တိတ်တိတ်ဆိတ်ဆိတ်လေး ကျွန်မ ပစ်ချခဲ့တဲ့ ထမင်းဘူးကို ပြန်လည် ကောက်ယူနေတာကို တွေ့ရပါတယ်။ အမေ့မျက်နှာက တကယ်ဘဲ ဖြူစွတ်နေတာကိုလည်း တွေ့လိုက်ပါတယ်။ ဒါပေမယ့် အမေက အမြဲတမ်း ဖျားနာနေကျမို့ ကျွန်မလည်း သိပ် စိတ်မပူဘဲ ကျောင်းသို့သာ ဦးတည်ပြီး သွားခဲ့ပါတော့တယ်။
ကျောင်းစတတ်တဲ့ အချိန်မှာ သတင်းတစ်ခုကို သိရပါတယ်။ ဒီအပတ် စနေနေ့ကို လေ့လာရေးခရီး ထွက်ရပါမယ်တဲ့။ ကျွန်မလည်း အရမ်းကို သွားချင်ခဲ့ပါတယ်။ သူငယ်ချင်းများနဲ့လည်း အတူတူ လျှောက်လည်ချင်သလို ဆင်းရဲခြင်းဆိုတာကိုလည်း တခဏလောက် မေ့ထားချင်ပါတယ်။ နောက်တခုက အမြဲတမ်း အိပ်ယာထဲ လဲနေတဲ့ အမေ့ကို လည်း ခဏလောက် မေ့ထားပြီး သူငယ်ချင်းများနဲ့ ပျော်ပျော်ရွှင်ရွှင် ဆော့ကစားချင်ပါတယ်။ ညနေ ကျောင်းဆင်းလို့ အိမ်ကို ပြန်ရောက်တော့ အမေ့ကို ထုံးစံအတိုင်း အိပ်ယာထဲမှာ လှဲနေတာကို မြင်ရပါတယ်။ အမေ့ကို မြင်တာနဲ့ စိတ်ထဲမှာ မကြေနပ်ချက်တွေ ပေါ်လာတော့တာပါဘဲ။ အမေကတော့ ကျောင်းကပြန်လာတဲ့ ကျွန်မကို ပြုံးပြုံးလေး လှမ်းကြည့်ပြီး သမီးလေး....ပြန်လာပြီလား လို့မေးပါတယ်။ အမေက မေးတာကို ပြန်မဖြေဘဲ
"အမေ...ဒီအပတ် စနေနေ့ ကျောင်းက သူငယ်ချင်းတွေနဲ့ လေ့လာရေးခရီးထွက်တာ သမီးလည်း လိုက်ချင်တယ်.... ပို့ပေးနော်။ "
"ဟင်..လေ့လာရေးခရီး...ဟုတ်လား သမီး...ဘယ်လောက်ကုန်မှာတဲ့လဲကွယ်။ "
အမေက ကုန်ကျစရိတ်ကို အရင်မေးတယ်။ ကျွန်မလည်း ကျွန်မတို့ မိသားစု အခြေအနေကြောင့် သွားရကောင်းမလား မသွားရကောင်းမလား ဝေခွဲမရ ဖြစ်နေပြီးမှ ၈ သောင်းပါ..အမေ လို့ ပြန်ဖြေခဲ့တယ်။ (မှတ်ချက်။ကိုရီးယားနိုင်ငံသည် ငွေကြေးဖောင်းပွသော နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။) ကျွန်မအဖြေကို ကြားတော့ ကျွန်မအမေက ၈...၈သောင်းကြီးများတောင် ဟု ပြန်၍မေးသည်။ ကျွန်မက အမေ့ကို အသံကျယ်ကြီးနှင့် ဘာလဲ...၈သောင်းတောင် မရှိဘူးလား ဟူ၍ ပြန်မေးလိုက်ပါတယ်။ ကျွန်မ ဒီလို ဆင်းရဲတာမျိုးကို အရမ်းမုန်းပါတယ်။ လူတန်းစေ့ မနေနိုင်တဲ့ ကျွန်မဘ၀ကို စဉ်းစားမိတိုင်း စိတ်ပျက်အားငယ်မိပါတယ်။ အမေ့ကိုလည်း မုန်းတယ်။ ကျွန်မရဲ့ မိသားစုဝင်ဟာ အမေတစ်ယောက်တည်းသာ ရှိတယ်ဆိုတဲ့ အမှန်တရားကိုလည်း မုန်းမိပါတယ်။ အမေက ခဏတာ သက်ပြင်းချပြီး စောင်အောက်ကနေ ဘဏ်စာအုပ်တစ်ခုကို ထုတ်ပေးပါတယ်။ ဒီမှာ အမေ တစ်ပြားနှစ်ပြား စုထားတဲ့ ငွေလေးတွေ....ဒီထဲကနေ ၈သောင်းထုတ်ပြီးသွားချေ။ ကျွန်မမွေးကတည်းကစပြီး ပထမဆုံးအကြိမ် မြင်ဘူးတဲ့ ဘဏ်စာအုပ်ကို ကြည့်ပြီး ကျေနပ်စွာ ပြုံးလိုက်ပါတယ်။ ပြီးတော့ အမေ့ကို ကျေးဇူးတင်ပါတယ်ဆိုတဲ့ စကားတစ်ခွန်းတောင် မပြောဘဲ မြို့ထဲမှာ ရှိတဲ့ ဘဏ်ကို အပြေးလေး သွားခဲ့ပါတယ်။
ဘဏ်စာအုပ်ကို ဖြန့်ကြည့်လိုက်တော့ ၁၀သိန်းရှိနေတာကို တွေ့လိုက်ရပါတယ်။ ကျွန်မအတွက်ကတော့ အရမ်းကို ပမာဏများတဲ့ ငွေပါဘဲ။ ဒီအချိန်အထိ ဒီငွေတွေကို ဘာလို့ မသုံးတာပါလိမ့်ဆိုတဲ့ အတွေးနဲ့ အမေ့ကို နည်းနည်း အမြင်ကတ်မိလိုက်ပါသေးတယ်။ ပြီးတော့ လေ့လာရေးခရီးအတွက် ၈သောင်းထုတ်လိုက်ပါတယ်။ ဘဏ်ထဲမှာ ၉သိန်း၂သောင်းကျန်ပါသေးတယ်။ ၉သိန်း၂သောင်းတောင် ရှိတာ ထပ်ထုတ်လဲ ဘာမှ မဖြစ်ပါဘူးဆိုတဲ့ အတွေးဝင်လာခဲ့ပါတယ်။ ခုခေတ်က လူတိုင်း လက်ကိုင်ဖုန်းကိုင်နေတဲ့ ခေတ်ဖြစ်ပေမယ့် ကျွန်မမှာ လက်ကိုင်ဖုန်းမရှိတာကို သတိရမိတာနဲ့ လက်ကိုင်ဖုန်းကောင်းကောင်း တစ်ခု ၀ယ်ဘို့ ဆုံးဖြတ်လိုက်တယ်။ ဒါနဲ့ ဘဏ်ထဲကနေ နောက်ထပ် ၄သိန်း ထုတ်လိုက်ပါတယ်။ အနီးအနားမှာ ရှိတဲ့ လက်ကိုင်ဖုန်းအရောင်းဆိုင်ကို သွားပြီး နောက်ဆုံးပေါ် လက်ကိုင်ဖုန်းတစ်ခု ၀ယ်လိုက်တယ်။ ပျော်လိုက်တာလေ..ကျွန်မဘ၀မှာ တခါမှ မရဘူးတဲ့ ပျော်ရွှင်မှုမျိုးကို ကျွန်မ ခံစားခဲ့ရပါတယ်။ ဒါနဲ့ ဖုန်းအသစ်ကလေးကို ကိုင်ပြီး မြို့ထဲကို လျှောက်လည်နေခဲ့မိတယ်။ အဲဒီမှာ အရောင်အသွေးတွေကလည်း စုံ၊ ဒီဇိုင်းတွေကလည်း မိုက်တဲ့ အ၀တ်အစားလှလှလေးတွေကို မြင်တော့ ကျွန်မ ၀ယ်ချင်ပြန်ရော။ ဒါနဲ့ ဘဏ်ကို နောက်တစ်ခါ ထပ်သွားပြီး ၂သိန်းထပ်ထုတ်လိုက်တယ်။ အင်္ကျီတွေအများကြီး ၀ယ်လိုက်တယ်။ တထည်ပြီး တထည် စမ်းဝတ်လိုက် မှန်ကြည့်လိုက်နဲ့ အရမ်းကို ကျေနပ်နေခဲ့တယ်။ မှန်ကြည့်နေရင်းက သဘောမကျစရာတစ်ခု မျက်စိထဲကို ၀င်လာတယ်။ အဲဒါကတော့ အမေ ညှပ်ပေးတဲ့ ဆံပင်ပုံစံကြီးပါဘဲ။ တောဆန်ပြီး ပုံတုန်းလိုက်တာ လွန်ရော။ ဒီဆံပင်ပုံစံကို ပြောင်းဘို့ ဆုံးဖြတ်လိုက်တယ်။ နောက်တခေါက် ဘဏ်ကို သွားတယ်။ ၅သောင်းထပ်ပြီး ထုတ်လိုက်တယ်။ ဆံပင်ပုံစံ လှလှလေး ညှပ်တယ်။ ကဲ...အားလုံး အိုကေပြီ။ စနေနေ့ လေ့လာရေး ခရီးထွက်ရန် လိုအပ်တဲ့ ပစ္စည်းတွေ ၀ယ်ဘို့သာ လိုအပ်တော့တာမို့ ကျွန်မ ဘဏ်ထဲမှာ ကျန်တဲ့ ငွေတွေနဲ့ လိုအပ်တာတွေအားလုံးကို စွတ်ဝယ်ခဲ့ပါတယ်။ အားလုံးဝယ်ပြီးတော့ ၉သောင်းသာ ကျန်ပါတော့တယ်။ ကျွန်မလည်း သူများနည်းတူ ၀တ်နိုင်စားနိုင်ပြီမို့ အတိုင်းထက်အလွန် ၀မ်းသာနေခဲ့မိပါတယ်။ ကျွန်မကြိုက်တာတွေအားလုံး လုပ်ပြီးပြီဖြစ်၍ စိတ်ပျက်စရာကောင်းသော အိမ်သို့ ခြေလှမ်းခဲ့ပါတယ်။
အိမ်ရောက်တော့ အမေအိပ်နေတာကို တွေ့လိုက်ရတယ်။ အဟွန်း..အဟွန်း ကျွန်မ တမင်တကာ အသံပြုလိုက်ပါတယ်။ ကျွန်မအသံကို ကြားတော့ အမေ နိုးလာတယ်။ ကျွန်မလည်း အမေ့ကို ဘဏ်စာအုပ်လေး ပြန်ပေးလိုက်တော့ အမေက ဘဏ်ထဲ ငွေဘယ်လောက်ကျန်သည်ကိုပင် ကြည့်မနေဘဲ ဘဏ်စာအုပ်လေးကို စောင်အောက်ထဲ ထိုးထည့်ထားလိုက်ပါတယ်။ ဒါနဲ့ဘဲ စောင့်မျှော်နေခဲ့တဲ့ စနေနေ့ကို ရောက်လာခဲ့ပါတယ်။ လှလှပပ သားသားနားနား ၀တ်စားသွားတဲ့ကျွန်မကို သူငယ်ချင်းတွေက အားကျနေတာကို မြင်ပြီး ကျွန်မ ကျေနပ်နေမိပါတယ်။ ၂ညအိပ်၃ရက်ခရီးကို သူငယ်ချင်းများနဲ့အတူ ပျော်ရွှင်စွာ ဖြတ်သန်းခဲ့ပါတယ်။ ဒီရက်ပိုင်းတွေမှာတော့ ဆင်းရဲခြင်းနဲ့ အမြဲတမ်းမမာနေသော အမေ့ကို ခဏတာ မေ့ထားနိုင်ခဲ့ပါတယ်။ တကယ်ကို ပျော်စရာကောင်းခဲ့တဲ့ နေ့ရက်တွေပေါ့။
ခုတော့ ၂ညအိပ် ၃ရက်ခရီးဟာ ပြီးဆုံးခဲ့ပါပြီ။ ဒီလို ပျော်စရာကောင်းတဲ့ အချိန်တွေဟာ မြန်မြန်ဆန်ဆန်နဲ့ ပြီးဆုံးသွားခဲ့ပါပြီ။ ထပ်မံပြီး စိတ်ပျက်စိတ်ညစ်စရာကောင်းသော အိမ်ကို ပြန်ရအုံးမှာပါလားဆိုတဲ့ အတွေးနဲ့ ကျွန်မ ခြေလှမ်းတွေ လေးနေခဲ့ပါတယ်။ ခြေလှမ်းလေးလေးနဲ့ဘဲ အိမ်ကို ပြန်လာခဲ့ပါတယ်။ အိမ်ကို ပြန်ရောက်တာနဲ့ ကျွန်မက အမေ...သမီး ပြန်လာပြီ။ ဟု အော်ပြောလိုက်တယ်။ ဒါပေမယ့် အိမ်ကြီးဟာ ထူးဆန်းအံ့သြစရာကောင်းလောက်အောင် တိတ်ဆိတ်နေခဲ့ပါတယ်။ ဒါနဲ့ ထပ်ပြီး အမေ..သမီး ပြန်လာပါပြီဆိုနေမှ ဟူ၍ ထပ်မံ အော်လိုက်တယ်။ ဒါလည်း ဘာအသံမှ မကြားတာနဲ့ ကျွန်မ တော်တော် စိတ်တိုသွားတယ်။ စိတ်တိုတိုနဲ့ အိပ်ခန်းတံခါးကို ဒုန်းခနဲ မြည်အောင် စောင့် ဖွင့်လိုက်တော့ အမေက အိပ်ယာထဲမှာ လှဲနေတာကို တွေ့လိုက်ရပါတယ်။ အမြဲတမ်း ကျွန်မ ပြန်လာလျှင် ပြုံးပြီး ကြိုတတ်တဲ့ အမေက ယခု ကျွန်မ ပြန်လာတာကို ဘာစကားမှ ပြန်မပြောခဲ့ပေ။ ကျွန်မ ပိုက်ဆံတွေအများကြီး သုံးခဲ့လို့ အမေ စိတ်ဆိုးနေတယ် အထင်နှင့် အမေ့ကို လှုပ်နှိုးလိုက်တဲ့ အခါမှာတော့ အမေ့ တစ်ကိုယ်လုံး အေးစက်နေတာကို တွေ့လိုက်ရပါတယ်။ ကျွန်မရဲ့ မျက်လုံးတွေထဲမှာ ခန်းခြောက်ခဲ့ပြီ ဖြစ်တဲ့ မျက်ရည်တွေဟာ ထူဆန်းစွာဘဲ ကျဆင်းလာခဲ့သလို ကျွန်မရဲ့ နှလုံးသားတွေဟာလည်း ရပ်တန့်သွားမတတ် လန့်သွားခဲ့ပါတယ်။ ကျွန်မ ဒီလောက်မုန်းခဲ့တဲ့ အမေ အေးစက်နေတာကို တွေ့လိုက်တော့ ကျွန်မ အရမ်းကို ၀မ်းနည်းခဲ့ရပါတယ်။ ယုံလည်း မယုံနိုင်ဘူး ဖြစ်နေခဲ့တယ်။ ဒါနဲ့ အမေ့ကို အတင်း လှုပ်၍သာ နှိုးနေခဲ့မိပါတယ်။ ဒါပေမယ့် အမေဟာ ကျွန်မ ဘယ်လောက်ဘဲ နှိုးနှိုး နိုးထမလာခဲ့တော့ပါဘူး။ ဒါနဲ့ စောင်ထဲက ဘဏ်စာအုပ်ကို ယူပြီး အမေ့ မျက်စိနားကို ကပ်ကာ အမေ...သမီး နောက်ကို ဒီလို မလုပ်တော့ပါဘူး ....ဒီလိုဘယ်တော့မှ မလုပ်တော့ပါဘူး...မျက်စိလေး ဖွင့်ကြည့်ပါ အမေရယ်....ဆိုပြီး ကျွန်မ အော်ဟစ်ငိုနေခဲ့မိပါတယ်။ ဒီအချိန်မှာဘဲ ဘဏ်စာအုပ်ထဲက တစုံတခု ထွက်ကျလာတာကို မြင်လိုက်ပါတယ်။ အဲဒါကတော့ အမေ့ရဲ့ နောက်ဆုံးစာပါဘဲ။ ကျွန်မ မရဲတရဲနဲ့ ဖြန့်ကြည့်မိပါတယ်။
သို့
အမေ့ရဲ့ အချစ်ဆုံး သမီးလေး ကြည့်ရန်
သမီးလေး...အမေ့ကို မုန်းတယ်မလားဟင်...
ဆင်းရဲတွင်းကိုလည်း သေလောက်အောင်မုန်းတယ်မလား သမီးလေး....
အမေတောင်းပန်ပါတယ် သမီးလေးရယ်...အမေ တောင်းပန်ပါတယ်...
ဒီအမေက ပညာကလည်း မတတ် ပိုက်ဆံကလည်း မရှိ...
ငါ့သမီးလေးကို ပေးဘို့ အမေ့ရဲ့ မေတ္တာကလွဲပြီး မရှိတဲ့ သူပါ သမီးလေး...
အမေ အခုလို သမီးလေးကို လူ့လောကမှာ တစ်ယောက်တည်း ထားခဲ့ရတာကို အမေ စိတ်မကောင်းပါဘူး သမီးလေးရယ်...
အမေက ရောဂါဖြစ်ပြီး သမီးလေးကို အခုလို ထားခဲ့ရတာပါ...
တကယ်တော့ ခွဲစိတ်ကုသရင် ပျောက်နိုင်တယ်တဲ့...ဒါပေမယ့် ခွဲစိတ်ကုသစရိတ်က နည်းတာမဟုတ်ဘူးလေ....
ဒါနဲ့ အမေ စဉ်းစားလိုက်တယ်... အမေသာ ခွဲစိတ်ကုသမှု မခံရင် ငါ့သမီးလေး ကြိုက်တာဝယ် ကြိုက်သလို သုံးနိုင်တယ်..ဒီတော့ အမေ ခွဲစိတ်ကုသမှုမခံဘို့ ဆုံးဖြတ်လိုက်တယ်။
ဒါပေမယ့် သမီးလေးရယ်..ရက်တွေကြာလာတာနဲ့အမျှ တဖြည်းဖြည်း ဆိုးလာတာကြောင့် ခုတော့ အမေ့ သမီးကို ထားခဲ့ရတော့မယ်။
ဒီလောက် အသုံးမကျတဲ့အမေ့ကို အမေလို့ သတ်မှတ်ပေးတဲ့ အတွက် ငါ့သမီးလေးကို ကျေးဇူးတင်ပါတယ်...
အမေက ဒီကမ္ဘာပေါ်မှာ ငါ့သမီးလေးကို အချစ်ဆုံးဆိုတာကို သိတယ်မလား သမီး....
အမေ့ရဲ့ စောင်ကို သေသေချာချာ ရှာကြည့် ဘဏ်စာအုပ်တစ်ခု ထွက်လာလိမ့်မယ်...အမေ အနှစ်နှစ်အလလ စုဆောင်းခဲ့တယ့် ငွေလေးတွေပါ။
သိန်း၂၀၀လောက်ရှိမယ်...
ငါ့သမီးလေးတော့ ဆင်းဆင်းရဲရဲမနေရတော့ဘူးပေါ့...
သမီးလေးကို အမြဲတမ်းချစ်နေမယ့် အမေ
ဒီစာကို ဖတ်ပြီးတဲ့ အခါမှာ ကျွန်မကိုယ် ကျွန်မ မုန်းတီး စက်ဆုတ်လာမိပါတယ်။ အမေ့ကို မုန်းခဲ့တာထက် အဆ၁ထောင် ၁သောင်းမက ကျွန်မကိုယ်ကျွန်မ မုန်းတီးမိပါတယ်။ သမီး သုံးခဲ့တဲ့ ငွေတွေက ခွဲစိတ်ခတွေ..ခွဲစိတ်ခတွေ အမေရယ် ဘာလို စောစောက မပြောခဲ့တာလဲ။ သမီးလို အမေ့ စေတနာကို နားမလည်တဲ့ လူကို ဒီလောက်တောင် ချစ်ရလား။ နောက်ဆို ကျောင်းသွားဘို့ နှိုးပေးတဲ့ အမေ့ အသံကို လည်း မကြားနိုင်တော့ဘူး။ အမေ ထုတ်ပေးတဲ့ ထမင်းဘူးလေးကိုလည်း မစားနိုင်တော့ဘူး။ အိပ်ယာထဲမှာ လှဲနေတဲ့ အမေ့ကိုတောင် မမြင်နိုင်တော့ဘူးဆိုတဲ့ အသိတွေနဲ့ ကျွန်မ ရူးမတတ် ၀မ်းနည်းခံစားနေရပါတယ်။ အမေရယ် နောင်ဘ၀ဆိုတာရှိခဲ့ရင် သမီး အမေနဲ့ ပြန်တွေ့ချင်ပါတယ်။ အမေ့ကို မပေးခဲ့ရတဲ့ သမီးရဲ့ မေတ္တာတွေကိုလည်း ပေးချင်ပါတယ်။ ဒီလို အတွေးတွေကို တွေးရင်း ကျွန်မ အတော်ကြာအောင် ငိုပြီးမှ အမေ့ကို တစ်ခါမှ မပြောဘူးတဲ့ စကားလေး တစ်ခွန်းကို ပြောဘို့ သတိရခဲ့ပါတယ်။ သတိရရချင်း ကျွန်မ အမေ့ကို ကြည့်ပြီး ပြောလိုက်ပါတယ်။
"အမေ.....သမီးလည်း အမေ့ကို အရမ်းချစ်ပါတယ်။ "
အမေနဲ့ ကတောက်ကဆ ဖြစ်တဲ့ အခါမှာဘဲ ဖြစ်ဖြစ်၊ အမေ့ကို စိတ်ဆိုးမိတဲ့ အခါမှာ ဘဲ ဖြစ်ဖြစ်၊ အမေ့ကို နာကြည်းမိတဲ့ အခါမှာ ဒီစာလေးကို ပြန်သတိရပြီး စိတ်ထားလေးတွေကို ပြောင်းနိုင်ကြပါစေ။ အမေတွေအားလုံးဟာ ကိုယ့်သားသမီးကို အသက်နဲ့ရင်းပြီး ချစ်ခင်တယ်ဆိုတာကို သတိရစေဘို့ဖော်ပြပေးလိုက်ပါတဲ့ ကိုရီးယား ၀ထ္ထုတိုလေး တစ်ပုဒ်ဖြစ်ပါတယ်။
ဖော်ဝပ်မေး မှရသည် ။
http://www.koyinmaung.co.cc
အဖော်မွန်
အချိန်လေး တစ်မိနစ်ခွဲလောက် ပေးပြီး ဖတ်ကြည့်ပါ
တစ်ခါတုန်းက လူတစ်ယောက်မှာ မိန်းမလေးယောက် ရှိတယ်။ သူက မိန်းမလေးယောက်မှာ စတုတ္ထမြောက် မိန်းမကို အချစ်ဆုံးပေါ့။ သူ့ကို အစစအရာရာလဲ ဂရုစိုက်တယ် အရမ်းလည်းတွယ်တာတယ်။
သူပြီးရင်တော့ တတိယမြောက် မိန်းမကို အချစ်ဆုံးပေါ့။ တတိယမြောက်မိန်းမက လှပကျော့ရှင်းတော့ သူ့မိတ်တွေ အပေါင်းအသင်းတွေ ရှေ့မှာရော ပွဲလမ်းသဘင်တွေမှာရော မကြာခဏ ခေါ်သွားလေ့ရှိတယ်။
ဒုတိယမြောက် မိန်းမကိုတော့ ဟိုနှစ်ယောက်ကို ချစ်သလို မချစ်ပေမယ့် အားကိုးတယ်။ ပြသနာတစ်ခုခု ကြုံတိုင်း သူနဲ့တိုင်ပင်တယ်။ သူကလည်း အကူအညီပေးတယ်။
ဒါပေမယ့် ပထမမြောက်မိန်းမကိုတော့ သူကလုံးဝမချစ်ဘူးတဲ့။ သူကမချစ်တာတောင် ပထမမြောက်မိန်းမကတော့ သူ့ကိုကောင်းရှာတယ်။ ဂရုလဲစိုက်တယ်။
အဲလိုနဲ့ တစ်နေ့မှာ အဲဒီလူကြီး နေမကောင်းဖြစ်ရော။ သူ့ကိုသူ သေရတော့မယ်လို့ သိလိုက်တဲ့ အချိန်မှာ သူ့မိန်းမလေးယောက်ကို ခေါ်လိုက်တယ်။ ပြီးတော့ စတုတ္ထမြောက်မိန်းမကို မေးတယ် ''ငါသေရင် မင်းငါနဲ့အတူ လိုက်သေနိုင်မလားပေါ့ '' အဲဒီလိုမေးတဲ့အခါ စတုတ္ထမြောက် မိန်းမက ငြင်းလိုက်တယ်။ သူလိုက်မသေ ပေးနိုင်ပါဘူးတဲ့။
အဲဒါနဲ့ တတိယမြောက် မိန်းမကိုမေးတယ်။ တတိယမြောက် မိန်းမကပိုတောင်ဆိုးသေးတယ်။ ရှင်သေရင် ကျွန်မက နောက်တစ်ယောက်
ထပ်ယူမှာတဲ့။
ဒုတိယမြောက် မိန်းမကိုလဲမေးပြန်တယ်။ ဒုတိယမြောက် မိန်းမကတော့
ဒီလိုပြောတယ်။ ရှင်နဲ့အတူတူ မသေပေးနိုင်ပေမယ့် ရှင့်အုတ်ဂူမှာ ပန်းစည်းလေး လာချပေးမှာပါတဲ့။ ရှင့်အတွက်လဲ ဆုတောင်းပေးမှာပါတဲ့။
ဒီလိုနဲ့ နောက်ဆုံးတော့ ပထမမြောက် မိန်းမပဲကျန်တော့တာပေါ့ ။ အဲဒါကြောင့် ပထမမြောက်မိန်းမကိုမေးတော့ သူကတစ်ခြားမိန်းမတွေနဲ့ မတူဘူး ဒီလိုဖြေတယ်။ ကျွန်မက ရှင့်နဲ့အမြဲတမ်း အတူတူရှိနေမှာပါတဲ့။
ရှင်ဘယ်သွားသွား ကျွန်မလိုက်ခဲ့မှာပါတဲ့။
တကယ်တော့ ကျွန်တော်တို့လူသားတွေမှာလည်း ပုံပြင်ထဲကလူကြီးလို
ဇနီးလေးယောက်ရှိပါတယ်။
စတုတ္ထမြောက် ဇနီးကတော့ ကျွန်တော်တို့ရဲ့ ခန္ဒာကိုယ်ပါ။ ကျွန်တော်တို့ သူ့ကိုဘယ်လောက်ချစ်ချစ် အချိန်တန်တော့လဲ ထားခဲ့ရတာပါပဲ။
တတိယမြောက် ဇနီးကတော့ ကျွန်တော်တို့ရဲ့ ပိုင်ဆိုင်မှုစည်းစိမ်ဥစ္စာတွေပေါ့။
ကျွန်တော်တို့ ဘယ်လောက်ပဲ ချမ်းသာကြွယ်ဝပါစေ။ ကျွန်တော်တို့ မရှိတော့ရင် အဲဒီပစ္စည်းဥစ္စာတွေဟာ တစ်ခြားသူလက်ထဲပဲ ရောက်သွားမှာပါ။
ဒုတိယမြောက် ဇနီးကတော့ မိသားစုပေါ့။ ဘယ်လောက်ပဲ ကိုယ့်မိသားစုကို
သံယောဇဉ်ရှိပါတယ်ပြောပြော ကျွန်တော်တို့ သေသွားတဲ့အချိန်မှာ သူတို့က
လွမ်းဆွတ်တမ်းတပြီး ကောင်းရာမွန်ရာရောက်ဖို့ ဆုတောင်းပေးရုံကလွဲလို့
ကျန်တာ မတတ်နိုင်ပါဘူး။
ပထမမြောက် ဇနီးကမှ ကျွန်တော်တို့သေရင် ကျွန်တော်တို့နောက်ကို
ထပ်ကြပ်မကွာလိုက်လာမယ့် ကျွန်တော်တို့ အသက်ရှင်နေတဲ့ အချိန်မှာ ပြုလုပ်ခဲတဲ့ ကောင်းမှု /မကောင်းမှု / ကုသိုလ် ကံ / အကုသိုလ် ကံ တွေပေါ့ ဗျာ............။
ဘယ်လိုပြောရမလဲ ဗဲရီးဂွတ်ပေါ့ မှ ဘာသာပြန် တင်ဆက်သည်။
                                             ကိုစိုးနိုင်
http://soenaingu.blogspot.com/2013/06/blog-post_3218.html
Monday, 5 May 2014
ရင်နွေး
ရင်နွေး
ဆေးဝါးတွေကို စွဲလန်းနေသူကို
ဆေးသမားလို့ခေါ်ရင်
မင်းကို စွဲလန်းနေတဲ့ ငါ့ကို
ဘယ်လိုခေါ်ဆိုရမှာပါလဲ
ရင်နွေး
မင်းဖတ်ဖို့တော့မဟုတ်ပေမယ့်
မင်းကိုရည်ညွှန်းပြီး ဒီကဗျာကိုရေးပါတယ်
ဒါထက် မင်းကို ဒီလိုနာမ်စားသုံးတာ
သဘောကျပါရဲ့လား
ငါ့ ရင်ကိုနွေးထွေးစေလွန်းသူမို့
မင်းနဲ့တော့ လိုက်ဖက်နေပါရဲ့
ရင်နွေး
“အနေတွေနီးကြဖို့ ဘယ်ထိဝေးရဦးမှာလဲ
မင်းနဲ့နီးချင်တယ်” လို့
ဟန်ထူးလွင်က ဆိုဖူးပါတယ်
တကယ်တော့ မင်းနဲ့မနီးချင်ပါ
ရင်နွေး
စက္ကန့်မလပ် မင်းနာမည်ကို
သတိရနေရင်း
မင်းအကြောင်းခေါင်းစဉ်များစွာဖြင့်
ငါအသက်ရှင်နေရပါတယ်
ဒါ အချစ်တော့ မဟုတ်ပါ
ရင်နွေး
ငါက ရောင့်ရဲတတ်သူတော့
မဟုတ်လှပေမယ့်
မင်းနဲ့ပတ်သက်ရင်တော့
အစိတ်အပိုင်းသေးသေးလေးတွေဖြစ်ဖြစ်
ကျေနပ်မိပါရဲ့..
ရင်နွေး
မနာလိုစိတ်လုံးဝမရှိတာ
ဘာကြောင့်ပါလဲ
“ခင်ဗျားသဘောဗျာ”လို့
လိုက်လျောပြောဆိုတတ်တာကိုတော့
သဘောကျမိပါတယ်
ရင်နွေး
ဟက်ဟက်ပက်ပက်
မရယ်မောတတ်ဘူးလား
ရယ်မောခြင်းမှ ကင်းဝေးနေတာ
ရာသီပေါင်းဘယ်လောက်များများ
ကြာနေပါပြီလဲ
ရင်နွေး
ကဗျာတွေကို
ချစ်တတ်တယ်မဟုတ်လား
“ကြည်အေးမဖတ်ဘူးဗျာ”လို့ ပြောတုန်းကတော့
ပြုံးမိသွားတာ ဝန်ခံပါရစေ
ရင်နွေး
မင်း ဖုန်းဆက်တဲ့ညက
ငါဖုန်းစောင့်နေခဲ့မိပါတယ်
အလောတကြီးစကားပြောတတ်တာ
အကျင့်ပဲလား
ဒါ အချစ်တော့ မဟုတ်ပါ
ရင်နွေး
စိတ်ဓာတ်အင်အားများ
များများနဲ့ မြန်မြန်ပေးပါလို့
မကြာခဏ တောင်းခံတတ်တာ
ငါ့တစ်ယောက်ထဲဆီကပဲ ဖြစ်ပါစေ
ငါ ဆုတောင်းနေမိပါတယ်
ရင်နွေး
အများသူငါ ပြောဆိုနေကြတဲ့
“ရင်ခုန်ခြင်း”ဟာ မင်းဆီမှာတော့
အဘိဓာန်က ထုတ်ထားတဲ့ စကားလုံး
ဖြစ်နေပါတယ်
မင်းနဲ့ဆို ငါ့ရင် ငြိမ်းချမ်းလွန်းပါရဲ့
ရင်နွေး
မီးဟာ ခွဲတမ်းနဲ့ဘယ်လိုပြတ်သလဲ
မသိဘူးမဟုတ်လား
မင်းမသိတာတွေ များများပြောပြနိုင်တာ
ဘယ်လောက်ဝမ်းသာမိလဲ
မြင်ယောင်ကြည့်ပါ
ရင်နွေး
အစာအဟာရအပေါ်
ဘယ်လိုသဘောထားပါသလဲ
အသက်ရှင်ဖို့ စားတာပါဗျာလို့
ဖြေလိမ့်မယ်လို့ပဲ ထင်မိပါတယ်
ရင်နွေး
လူတွေဟာ စွဲလန်းစိတ်နဲ့
ဖြစ်တည်ရှင်သန်ကြတယ်လို့ ဆိုကြပါတယ်
မင်းဘာကို စွဲလန်းချစ်ခင်ပါသလဲ
ငါ သိချင်လျက်နဲ့ မမေးခဲ့
ဒါ အချစ်တော့ မဟုတ်ပါ
ရင်နွေး
ဆေးဝါးတွေကို စွဲလန်းနေသူကို
ဆေးသမားလို့ခေါ်ရင်
မင်းကို စွဲလန်းနေတဲ့ ငါ့ကို
ဘယ်လိုခေါ်ဆိုရမှာပါလဲ
ငါ သိချင်လှပါတယ်
ကျေးဇူးပြုပြီး
ရင်နွေး ဖြေပါ
ပန်းဝေတံခါးပိတ်
အလွမ်းတွေရှိထားကြောင်း
'ပန်းဝေ' သိလားမေးချင်တယ်..
လမ်းတွေ့ရင်ခေါ်ခွင့်မပိုင်ပါဘူး
ကျွမ်းမြေ့ချင်မျှော်လင့်နိုင်မှာလားရယ်လို့
ခိုးဝှက်ကာ အကြည့်ပုန်းတွေနဲ့
တိုးရှက်ရာ မချိဆုံးပါပဲ
ငြိထုံးလာ အလွမ်းတွေဝေတော့
'ပန်းဝေ' သိမယ်.....။
ကိုယ့်မျက်ရည် ကိုယ်မတွေ့ရှာပါဘူးတဲ့
ညှို့ချက်တွေ အငိုဝှေ့ပါရင်း
ကမ္ဘာချဉ်းအောင် ပန်တော်ပွင့်မဲ့
သခင့်အတွက် ပန်းတွေရယ်
နွမ်းလေတယ် ကျွန်တော် မျက်ဖြေရူး
သြော်...တို့ဘ၀က
တမ်းမပြေတယ်နော် မျက်ရည်ဦး....။
နှောင်တွယ်ကာ ခက်တာပဲ ပန်းရယ်လို့
ရှောင်ဖယ်ကာ မျက်နှာလွှဲစမ်းချင်တာပေါ့
ကျောင်းခန်းဆီ ခြေလှမ်းတွေ အရောက်ယူဆဲမှာပင်
တစ်ယောက်သူနောက်လူ တွေ့နေနှင့်ပြီမို့
ရင်နှင့်စွာ ကျွန်တော် ချစ်ပေမဲ့
မြင်ခွင့်မှာ အဖော်အသစ်တွေနဲ့
" ပန်းဝေ" ရယ်
(တို့လေ...)
မခေါ်ဖြစ်ပါဘူး......။
......................................................(တာရာမင်းဝေ)
မမမြို့ကြီးသူ
မမမြို့ကြီးသူ
လှည်းယာဉ်ကလေးစီး
ထီးနီနီလေးဆောင်းပြီး
ခေါင်းမဖြီးဘဲ လှနေတဲ့ မမ။
ကိစ္စမရှိဘူး
ကြယ်သုံးလေးပွင့်လောက် ဆွဲခူး
အိပ်မက်အထွေအထူးတွေနဲ့ 
ကျွန်တော့်ဖာသာရူးတာ။
မမ
သနပ်ခါးပန်းလေးပန်
ညဥ့်ယံမှာလည်း
မွှေးတယ်။
မမ
ပုထုဇဉ်မမ
လူဝတ်ကြောင်နဲ့ လှတယ်။
မမဟာ
စံပယ်ဖြူဖြူ
ကံကော်ဖြူဖြူ
စံကားပန်းဖြူဖြူ။
မမဟာ
ကျွန်တော့် မျက်ကြည်လွှာ
မမဟာ
ကျွန်တော့် လက်ဗွေရာ။
ကျွန်တော့် နံဘေးက
ပုရိသတို့ ရဲ့ ရှေ့ ရေး
မမအကြောင်းပဲ ကျွန်တော် တွေးမိပေါ့။
မမအပြုံးကိုရတဲ့နေ့ ကစလို့ 
အမှောင့်ပယောဂတွေနဲ့ 
တရေးနိုးတိုင်း
ကျွန်တော် ထထကတယ်။
မမ မျက်စောင်းက
အကြောင်းသုံးပါးမရွေး
ကျွန်တော့်မှာ
ပုံပြင်သေးသေးလေးတွေထဲ
ပြုတ်ပြုတ်ကျရ။
မမက မြို့ ကြီးသူ
ကျွန်တော်က ကျေးတောသား
မတရားတာတော့ အမှန်ပဲ။
မမခြေတစ်လှမ်းအရွေ့ 
ကမ္ဘာ့ ဘဏ်ထဲက ကုဋေတစ်သန်း
ကျွန်တော့် ရှေ့ ကို ရောက်လာစေ့ချင်တယ်။
မမက ဒေါက်မြင့် ဖိနပ်စီးတဲ့အခါ
ကျွန်တော်က တာယာဖိနပ်စီးတယ်၊
မမက ကိုယ့်ကားကိုယ်မောင်းသွားတဲ့အခါ
ကျွန်တော်က သူများနွားကျောင်းရတယ်။
မမ
မမဟာ
ကိုလွှမ်းမိုးသီချင်းထဲက
ဟိုအစ်ကိုကြီးရဲ့  မခင်နှင်းဆီ။
မမဟာ
ဆရာအောင်ခြိမ့်ရဲ့  ဂန္တ၀င်မမ။
လောကများရဲ့  ကောင်းမြတ်ခြင်းတရား
မမ ဖ၀ါးမှာကပ်တွယ်နေပါလား။
ကျွန်တော်ဆိုတာက
ငရဲကျမှာထက်
မမ မုန်းမှာကို ပိုကြောက်တဲ့ သွေးနွေးသတ္တ၀ါ။
မမ ပြုံးရင်
ကျွန်တော့်ကိုယ်ကျွန်တော် ပိုပို မုန်းမိရဲ့ ။
သလင်းကျောက်သား၊
စကားမဲ့ ရေအိုးစင်၊
အမေ့ ပုံပြင်ထဲက နတ်သမီး၊
မမ ဟာ ကျွန်တော်မပိုင်တဲ့ ထီးကလေးဖြစ်တယ်။
ကျွန်တော်က နွားကျောင်းသား
မြက်ခင်းစိမ်းကို ချစ်တယ်။
မမက စစ်ဘုရင်မ
မြင့်မိုရ်တောင်ထိပ်က
အလံဖြူကို ရသွားခဲ့သူ။
စစ်မြင်းတွေမောင်း
တံပိုးခရာတွေ တထောင်းထောင်းနဲ့ 
အရှင်လတ်လတ် ဘ၀ပြောင်းရပေါ့။
မမက
မြန်မာလို ယဉ်တယ်၊
အင်္ဂလိပ်လို လှတယ်။
မြစ်ရေကြီးမယ့် နောင်နှစ်များ
နယူးယောက်မြို့ ရဲ့  အခေါင်အမြင့်ဖျားမှာ
မမ ဟောမယ့်တရား
ကျွန်တော် နာမယ်။
နောင်နစ်များစွာ
နောင်နှစ်များစွာ
ကျွန်တော့် မမ
ဒီလိုလေးပဲ
လှနေပါစေ။
ဤကမ္ဘာမြေ
ဤကမ္ဘာရေ
ဤကမ္ဘာလေ
မမပဲ ပိုင်ဆိုင်စေ။
တိုက်ပုံမ၀တ်တတ်ဘူး
ဖိနပ်ပါးပါးပဲ စီးတယ်
ကားမှန်မှာတော့ ကိုယ့်ရုပ်ကိုယ် ပြန်ကြည့်ဖူးတယ်
ဒီလိုပဲ ကျွန်တော်က
ပေါ့ပါးတယ်။
ကျွန်တော့် ရုပ်ပုံကားချပ်
မမ အသက်ရှူရတာ မွန်းမှာ စိုးရဲ့ ။
အင်္ဂလိပ်လို မပြောတတ်လို့ 
ကော်ဖီမသောက်ဘူး
........ ..........
မမ ရယ်တယ်။
မမ
မြို့ ကြီးသူ မမ။
ကျွန်တော့်ကလေးဘ၀က
ကျောင်းအင်္ကျီအဖြူလေး
ကွမ်းသွေးတွေ စွန်းပေ
အမေ့မလည်း မျက်ရည်ဝေရတယ်။
ကျွန်တော်
မမကို ချစ်တာ
ပုဒ်မအပေါင်းနဲ့  ငြိစွန်းခဲ့ရ။
မမ မစီးတဲ့ ဖိနပ်အဟောင်းလေး
ကျွန်တော်ငေးကြည့်နေမယ်။
မမ လျှောက်ခဲ့တဲ့ လမ်းတကာ
ကျွန်တော့်သွေးတွေ လဲ့ဖြာစေမယ်။
မမ
မြို့ ကြီးသူမမ
ကချေသည်ဘ၀နဲ့ 
ကျွန်တော် ကပြပါ့မယ်။
နားဆင်လော့
ရှုလော့
ခံစားလော့။
................(နေ့သစ်)
အရမ်းကြိုက်တဲ့ အစ်ကိုနေ့သစ်ရေးထားတဲ့ကဗျာလေးတစ်ပုဒ်ပါ။
အသင်းသား နှင့် အသင်းခေါင်းဆောင်
၁)
ကျနော် ကျောင်းသားဘဝက အသင်းခေါင်းဆောင်မဖြစ်ဖူးပါ။ သို့သော် အသင်းသား တစ်ယောက်အဖြစ် အတန်းတိုင်းမှာလိုလိုဖြစ်ဖူးပါသည်။
မှတ်မှတ်ရရ သတ္တမတန်းကျောင်းသားဘဝက ကျနော်တို့ အသင်းမှာ အပြာသင်းဖြစ်၍ အသင်းခေါင်းဆောင်မှာ မောင်ဟံငွေဖြစ်သည်။ သူသည် အသက်ငယ်သော်လည်း ထကြွ၊နိုးကြား၊သနား၊သည်းခံ၊ဝဖန်၊ထောက်ရှု့ ဤခြောက်ခုဟုသော ခေါင်းဆောင် နာယကဂုဏ်နှင့် ပြည့်စုံသော အတန်းခေါင်းဆောင်ကောင်း တစ်ယောက်ဖြစ်သည်။
အနီ၊အပြာ၊အဝါ၊အစိမ်းဟု အသင်းလေးသင်းရှိရာ ကျောင်းသန်းရှင်းရေးကို အသင်း တစ်သင်းလျှင် တစ်ပတ်ကျ ကျောင်းသန့်ရှင်းရေးလုပ်ရပါသည်။
ကျနော်တို့ အပြာသင်းအလှည့်ရောက်သော အခါ အသင်းခေါင်ဆောင် မောင်ဟံငွေမှာ ခေါင်းဆောင် ပီသသူတစ်ယောက်ဖြစ်သည်။ ကျောင်းဆင်းချိန် ခေါင်းလောာင်းထိုးလို့ ကျောင်းသားအားလုံး လွယ်အိပ်လွယ်ကာ ဝရုန်းသုန်းကား ပြေလွှားကာ အိမ်ပြန်တတ်သော်လည်း သူတစ်ယောက်တည်း နောက်ချန်၍ ၊ ကစင်ကလျားဖြစ်သော စာသင်ခုံမျာကို စီတန်းခြင်း၊ အမှိုက်သရိုက်များကို ရှင်းလင်းခြင်း၊ တံခါးပေါက်များကို အသေအချာပိတ်ခြင်းများကို သူတစ်ယောက်တည်း နေ့တိုင်းလိုလို လုပ်တတ်သည်။
အသေးအဖွဲ့ ကိစ္စကို အသင်းသားများအား မကက်တွက်တတ်။ ကြီးမားသော နံက်ပိုင်း ကျောင်း သန့်ရှင်းရေးမျိုး၊ သောက်ရေအိုး ရေထည့်သောကိစ္စများကိုသာ အသင်းသားများနှင့်အတူ ပူးပေါင်းဆောင်ရွက်တတ်သည်။
ကျနော်တို့ အသင်းအလှည့်ရောက်တိုင်း ကျောင်းဆင်းချိန် တခါးပိတ် စာသင်ခုံစီတဲ့ အလုပ်ကို သူတစ်ယောက်တည်း လုပ်နေတာ မြင်တော့ အသင်းသားဖြစ်သော ကျနော်လည်း မနေတတ်၍ ဝိုင်းကူလိုက်သည်။
မောင်ဟန်ငွေသည် အသင်းခေါင်ဆောင်ဖြစ်၍ အသင်းသားများထက် အချိန်ပိုယူကာ အသင်းအတွက် ၊ ကျောင်းအတွက် အလုပ်ပိုလုပ်သော် လည်း သူသည် အတန်းထဲတွင် စာအတော်ဆုံးဖြစ်သည်။ ကျနော် သူလောက် စာမတော်ပေမယ့် သူ့ကို အားကျခဲ့သည်။
၂)
အရွယ်ရောက်လာတော့ တရုတ်စာသင်ရန် ထိုင်ဝမ်သို့ ရောက်သွားခဲ့သည်။
ကျောင်းစည်းကမ်းအရ နံက်တိုင်း ဆရာကော တပည့်ပါ လေ့ကျင့်ခန်း လုပ်ရသည်။ နံက် ၄း၃၀ နာရီ ဘုရားရှိခိုးရသည်၊ တစ်နေရာတည်း ဆွမ်းအတူးစားရသည်၊ ညနေအလုပ်အတူလုပ်ရသည်။
အသက် ခြောက်ဆယ်ကျော် ဆရာတော်သည် မပျက်မကွက် တပည့်များနှင့် အတူ နံက်တိုင်း လေ့ကျင့်ခန်းလုပ်သည်။ ဘုရားအတူ ဝတ်တက်သည်၊အာဂုဏ်ဆွမ်းကို ဆရာတော်ဆိုပြီး ခွင့်ထူးခံ ကောင်းမွန်သော အစာများကို သီးခြား မစားတတ်၊ ရှိအတူ/မရှိ အတူ တပည့်များနှင့် အတူစားတတ်သည်။ တပည့်များ ညနေ အလုပ်ချိန်တွင် ဘေးမှာ ဆရာတော် အမြဲ ရှိနေတတ်သည်။
ရှေးလူကြီများ ဆိုစကားဖြစ်သော "သစ်ပင် ၊ ချောင်းမြောင်း ၊ နို့ကောင်းနွားမကဲ့" သို့ ခေါင်းဆောင်ကောင်း စိတ်ဓာတ်ရှိသော ဆရာတော်ကို အထူးကြည်ညိုလေးစားမိသည်။
၃)
ကနေဒါကို ရောက်တော့ ထူထူးခြားခြား ၊ အုပ်စုလိုက်နေတတ်သော ငန်းဘဲများကို ကနေဒါရှိ ပန်းခြံ ၊ ရေကန်များတွင် တွေ့ရှိရသည်။ ငန်းဘဲများ၏ ခေါင်းဆောင်မှုနှင့် အသင်းအဖွဲ့လိုက် ညီညွတ်ညွတ်
နေတတ် ခြင်းကို အထူးစိတ်ဝင်စားမိသည်။
ကနေဒါ သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေးဌာနက ထိုငန်းဘဲများကို ဘေးမဲ့ ပေးထားသည်။ ကနေဒါနိုင်ငံရဲ့ သင်္ကေတအဖြစ်သတ်မှတ်ထားသည်။ ဆောင်းရာသီသို့ရောက်သောအခါ မိုင်ပေါင်း ထောင်ချီ၍ နွေးထွေးရာ မက်ဆီကန်သို့
ပြန်သွားတတ်သည်။
ကနေဒါငန်းဘဲများ ထောင်သောင်းချီ၍ အုပ်စုဖွဲ့ ပျံသန်းချိန်တွင် ကျနော် တအံ့တသြ ကောင်းကင် ကိုမော်ကြည့်နေမိသည်။ သူတို့အုပ်စုဖွဲ့ ပျံသန်းမှုကို ကျနော်တို့လူသားများ အတုယူထိုက်ပေစွ။ သူတို့ ပျံသန်းပုံမှာ “V” ပုံသဏ္ဍန်ဖြစ်သည်။ ရှေးက ငန်းဘဲခေါင်းဆောင်များမှ ဦးဆောင်၍ နောက်လိုက် ငယ်သားများက ညီညီညာညာ “V” ပုံသဏ္ဍန်ကို လိုက်ပျံသန်းရသည်။
ဤကဲ့သို ပျံသန်းရခြင်းမှာ မိုင်ပေါင်း ထောင်သောင်းမက ပျံရမည့် ငန်းဘဲများ အလှည့်ကျ ဦးဆောင်၍ ပြင်းထန်သော လေအဟုန်ကို ထိုးဖောက်ကာ တစ်ကောင်တစ်လှည့်စီ ဦးဆောင်၍ ပျံသန်းခြင်းဖြစ်သည်။ ခေါင်းဆောင်က အားအင်ဖြင့် လေအဟုန်ကို ထိုးဖောက်စဉ် အဖွဲ့ဝင်များက သက်သက် သာသာ လေဟုန်စီး၍ လိုက်သွားနိုင်သည်။ ကျနော်တို့ လူသားများ အတုယူထိုက်ပေစွ။
၎)
ယနေ့ ပြည်တွင်းမှာပဲ ဖြစ်ဖြစ် ၊ ပြည်ပမှာပဲဖြစ်ဖြစ် ကျနော်တို့ မြန်မာများ ခေတ်ကာလတောင်းဆိုမှုကြောင့် အသင်းအဖွဲ့များစွာ ပေါ်ပေါက်လာသည်။ သို့သော် ဘာကြောင့်ရယ်မပြောတတ်၊ အသင်းတည်ထောင်စသာလျှင် တက်တက်ကြွကြွရှိပြီး ခရီးမပေါက်ခင်တွင် အသင်းကွဲများ ဖြစ်လာတတ်သည်။
ကျနော့်အမြင် လေ့လာသုံးသပ်ရသော် စောစောက ပြောခဲ့တဲ့ ငန်းဘဲများလို လေဟုန်ကို ထိုးဖောက်ကာ ပျံသန်းနေသော အသင်းခေါင်းဆောင်နောက်ကို အသင်းသားများက လေဟုန်းစီးမလိုက်ပဲ ရှေ့တက်ကာ ပျံသန်းတတ်ကြသလို။ အသင်းခေါင်းဆောင်များရဲ့ ခေါင်ဆောင်စိတ်ဓာတ် လျော့နည်းမှုများကြောင့်ဟု သုံသပ်မိပါသည်။
၅)
မြတ်စွာဘုရားသည် သင်္ဂါလောဝါဒသုတ်တွင် နယကဂုဏ်ခြောက်ပါးနှင့် အနာယကဂုဏ်ခြောက်ပါးကို ဟောကြားထားသည်။
“ဂဏန်း၊ ပုတ်သင်၊ ဝါးပင်၊ နွားသိုး လိပ်မျိုး၊ ခွေးအ၊
ဤခြောက်ဝ နာယက မတင်ထိုက်။
ထကြွ၊ နိုးကြား၊ သနား၊ သည်းခံ၊ ဝေဖန်၊ ထောက်ရှု
ဤခြောက်ခု တင်ပါ နာယက” ဟူ၍ ဖြစ်သည်။
• ဂဏန်းလို လက်မ အမြဲထောင်တတ်သူ
• ပုတ်သင်လို ပြောသမျှ ခေါင်းညိပ်တတ်သူ
• ဝါးပင်လို လေလာသမျှ ယိမ်းနွဲ့တတ်သူ
• လိပ်လို မိမိဖက်ကိုသာ ယက်တတ်သူ
• နွားသိုးလို ရှုးရှုးဒိုင်းဒိုင်း လုပ်တတ်သူ
• ခွေးအလို ကောက်ကျစ်တတ်သူများ အသင်းခေါင်းဆောင် မထိုက်ပေ။
လုပ်ငန်းအပေါ် တက်ကြွစွာ ဆောင်ရွက်သူ၊
အမြဲသတိဝီရိယ စိုက်ကာ နိုးနိုးကြားကြားရှိသူ၊
ညှာတာသနားစိတ်ကိုယ်ချင်းစာစိတ်ရှိသူ၊
အဆိုးအကောင်းတို့ဖြင့် သည်းခံခွင့်လွှတ်တတ်သူ၊
ဖြစ်လာသမျှကိစ္စများအပေါ် အရာရာကို ဝေဖန်ချင့်ချိန်ဆောင်ရွက်တတ်သူ၊
မိမိထက်ကြီးသူ၊ ငယ်သူများကို လိုအပ်သလို ထောက်ပံ့ကြည့်ရှုကာ ကူညီပေးတတ်သူများ အသင်းခေါင်းဆောင် ကောင်တို့၏ ဂုဏ်အင်္ဂါများဖြစ်သည်။
အချုပ်ဆိုရသော်… သူလိုတယ်၊ ငါပိုတယ်စသည်ဖြင့် ဘယ်သူ့ကိုမှ လက်ညိုးမထိုးပဲ ၊ မည်သူတစ်ဦးတစ်ယောက်၏ လိုအပ်ချက်ကို ကြည့်မနေပဲ၊ အသင်းခေါင်းဆောင်က ခေါင်ဆောင်းကောင်း အင်္ဂါများနှင့်အညီ ညီးဆောင်ရမည်ဖြစ်သလို ၊ အသင်းသားများမှလည်း နောက်လိုက်ကောင်းပိပိ လူလောကကြီး သာယာအေးချမ်းစေဖို့ လက်တွဲ အတူလုပ်ဆောင်သွားကြပါစို့ဟု အကြံပြုလိုက်ရပါသည်။ —
မြန်မာဗုဒ္ဓသာသာအသင်း၊ ကနေဒါ
http://www.facebook.com/photo.php?fbid=409761269121710&set=a.351047714993066.76
ရုပ်ကိုလှအောင်ပြင်သလို စိတ်ကိုလည်း လှအောင်ပြင်ဖို့လို*
မိန်းကလေးတစ်ယောက်ဟာ မွေးရာပါ ရုပ်မလှချင်နေ ဒါပေမဲ့ ဘ၀မှာ လှလှပပတော့ ရှင်သန်သင့်တယ်။
ဘယ်အချိန်အခါပဲဖြစ်ဖြစ် ပြည့်စုံတဲ့အသိပညာ၊ ကောင်းမွန်တဲ့စရိတ္တ၊ ထက်မြက်တဲ့ အပြုအမူ၊ သိမ်မွေ့တဲ့အပြောအဆို၊ ကြီးမြတ်တဲ့ စိတ်သဘော
...
ထားနဲ့ မေတ္တာနဲ့ပြည့်တဲ့ နှလုံးသားတစ်စုံရှိတဲ့ မိန်းကလေးတစ်ယောက်ဟာ ရုပ်ရည်မလှသည့်တိုင် ဘ၀ကို အမှန်တကယ် လှပစေနိုင်ပါတယ်။
ဘ၀မှာလှလှပပရှင်သန်နိုင်သူဟာ လှပတဲ့စိတ်ခံစားမှု၊ အဆင့်တစ်ခု၊ စိတ် ၀ိညာဉ်တစ်ခုကို ပိုင်ဆိုင်နိုင်မှာဖြစ်တယ်။ ကိုယ့်ကိုယ်ကို မစွန့်လွတ်သရွေ့ ဘယ်သူကမှ ကိုယ့်တက်လှမ်းကို တားဆီးပိတ်ပင်နိုင်မှာ မဟုတ်ဘူး။
တချို့က မိန်းကလေးတွေဟာ "တောင်တန်း"ပါတဲ့။ ခန့်ညားဝင့်ထည်ပြီး
သဘောထားကြီးသတဲ့။ တချို့က မိန်းကလေးတွေဟာ "ရေ"ပါတဲ့။ နူး ညံ့ပျော့ပျောင်းပြီး ညင်သာသတဲ့။
မိန်းမကောင်းဆိုတာ စာအုပ်ဖြစ်တယ်။ အသိပညာတွေနဲ့ ပြည့်နှက်လို့နေ တယ်။
မိန်းမကောင်းဆိုတာ ဆိပ်ကမ်းဖြစ်တယ်။ ဘေးဒုက္ခကြုံသူကို လုံလုံခြုံခြုံ နားခိုခွင့်ပေးတယ်။
မိန်းမကောင်းဆိုတာ ရေနွေးကြမ်းဖြစ်တယ်။ အရသာခံသောက်လေ မွှေးလေဖြစ်တယ်။
မိန်းမကောင်းဆိုတာ တက်မဖြစ်တယ်။ အိမ်ထောင်ရေးလမ်းကြောင်းကို ပဲ့ကိုင်ပေးတယ်။
မိန်းမကောင်းဆိုတာ ရှု့ခင်းဖြစ်တယ်။ ရာသီအလိုက် ရောင်စုံပန်းမန်တွေနဲ့ လှပစေတယ်။
မိန်းမကောင်းဆိုတိုင်း ရုပ်ရှည်လှပနေမှ မဟုတ်ဘူး။ ဖြူစင်ရိုးသားတဲ့စိတ်
ရှိတယ်။ ကျော်ကြားခြင်းနဲ့ ကြွယ်ဝခြင်းရဲ့ ဖြားယောင်းမြူဆွယ်မှုကြောင့် စိတ်ကို မညစ်နွမ်းစေဘဲ ကိုယ့်လမ်းကိုယ်ဆက်လျှောက်သူ၊ လုပ်သင့်တာ
ကို ဆက်လုပ်သူဖြစ်တယ်။ အနေနိမ့်ကျ၊ ဆင်းရဲဒုက္ခနဲ့ ရင်ဆိုင်ရသည့်တိုင် ရင်ကိုကော့ ခေါင်းကိုမော့ပြီး အပြုံးမပျက်သူဖြစ်တယ်။
ရိုးသားကြင်နာခြင်းဆိုတာ လောကမှာ အလှဆုံးပန်းတစ်ပွင့်ဖြစ်တယ်
ဘယ်သူတစ်ဦးတစ်ယောက်ကမှ အဲဒီပန်းဖူးပွင့်ဖို့ မငြင်းဆန်တတ်ကြဘူး။
မိန်းမကောင်းဆိုတာ မိခင်ကောင်း၊ ဇနီးကောင်းတစ်ဦးဖြစ်တယ်။
မိန်းမကောင်းဆိုတာ အဲဒီအလှဆုံးပန်းဖြစ်တယ်။
မိန်းမကောင်းတွေဟာကိုယ့်ဘ၀ခရီးတစ်လျောက်ကို ပန်းတစ်ပွင့်ရဲ့ကြန်အင် လက္ခဏာတွေနဲ့ ပြည့်စုံစေတယ်။
မိန်းမကောင်းတွေက မျက်ရည်နဲ့အပြုံးကို ကွယ်ဝှက်ထားစရာမလိုဘူး။
ရိုးသားကြင်နာခြင်းဟာ သာမန်မိန်းကလေးတစ်ဦးကို ပိုလှပစေတယ်။ ပိုနှစ် လိုစေတယ်။ ကိုယ့်ကိုယ်တိုင်ကို ချစ်ခင်နှစ်သက်မယ်၊ ဆွေမျိုးသားချင်းတွေ ကို ချစ်မယ်၊ သူငယ်ချင်း မိတ်ဆွေတွေကိုချစ်မယ်၊ သဘာဝ၊ သက်ရှိအားလုံး
လောကမှာ ချစ်လို့ရတဲ့အရာတွေကို ချစ်ခင်နှစ်သက်မယ်။
နှလုံးသားထဲချစ်ခြင်းမေတ္တာရှိတဲ့ မိန်းကလေးတစ်ယောက်ဟာဘယ်လောက် ပဲ ရုပ်ဆိုးနေပါစေ သူ့မျက်ဝန်းထဲကနေ နွေးထွေး၊ ကြင်နာတဲ့အရိပ်တွေ ကို တွေ့နိုင်တယ်။ လင်းလက်တဲ့အပြုံးကို တွေ့မြင်နိုင်တယ်။
မိန်းမကောင်းဆိုတာ စားပွဲပေါ်မှာ အလှထားတဲ့ ပန်းအိုးမဟုတ်ဘူး။ သူတစ်ပါး တန်ဆာဆင်မှ လှပတာမဟုတ်ဘူး။
မိန်းမကောင်းဆိုတာ ကိုယ့်ကိုယ်လေးစားမှုရှိတယ်၊ ပျော့ညံ့သူမဟုတ် ဘူး။ ယောက်ျားတွေကို မှီခိုသူမဟုတ်ဘူး။ ဘုရားသခင်က အာဒံကို ဖန်ဆင်းခဲ့တယ်။ ဧ၀ကိုလည်းဖန်ဆင်းခဲ့တာဟာ ယောက်ျားသားတွေနဲ့
အတူ ဒီလောကကို ကူညီထမ်းပိုးဖို့ဖြစ်တယ်။
မိန်းကလေးတိုင်း ထူးချွန် ထက်မြက်မှာမဟုတ်ဘူး။ ထင်ရှားမှာမဟုတ်ဘူး။
ဒါပေမဲ့ ရိုးရှင်းတဲ့ဘ၀မှာ သမီးက သမီးဝတ္တရား၊ မယားက မယားဝတ္တရား၊ မိခင်က မိခင်ဝတ္တရားနဲ့ ကိုယ့်ဝတ္တရားကို အတတ်နိုင်ဆုံး၊ အကောင်း ဆုံး ကျေကျေပွန်ပွန် ဆောင်ရွက်ပြီး နားလည်မှုနဲ့ လေးစားမှုကို အောင်နိုင် ရယူသူတွေဖြစ်တယ်။
မွေးဖွားရာဒေသကို ကျွန်မတို့ ရွေးချယ်ခွင့်မရှိခဲ့ဘူး။ မွေးရာပါရုပ်ရှည်လှပ ဖို့လည်း ကျွန်မတို့မစွမ်းသာခဲ့ဘူး။ ဆင်းရဲသားမိသားစု၊ ချမ်းသာတဲ့မိသားစု မှာ မွေးဖွားနိုင်ဖို့လည်း ကျွန်မတို့ ရွေးချယ်ခွင့်မရှိခဲ့ဘူး။ ဒါပေမဲ့ရုပ်ရှည်မလှပ လို့၊ မချမ်းသာလို့ကျွန်မတို့ သိမ်ငယ်စရာမလိုဘူး။ စိတ်လှဖို့ကိုတော့ ကျွန်မ တို့ ကိုယ်တိုင် ဖမ်းဆုပ်နိုင်ပါတယ်။
တကယ့် မိန်းမချော၊ မိန်းမလှဆိုတာ ပိန်တာ၊ ၀တာနဲ့မဆိုင်ဘူး။ မျက်နှာပေါက်လှတယ်၊ မလှဘူးနဲ့မဆိုင်ဘူး။ သဘာဝနဲ့ဆိုင်တယ်။ ဆွဲဆောင်နိုင်တဲ့ အရည်အချင်းနဲ့ ပိုဆိုင်တယ်။ ပြင်ပအလှဖြစ်တဲ့ ရုပ်ဆိုး တယ်၊ ၀တယ်၊ ပိန်တယ်ဆိုတာကို ပြောင်းလဲဖို့ခက်ပေမယ့် တကယ့်စိတ်
ထဲကဖြစ်လာတဲ့ နှစ်လို့ဖွယ်အလှကိုတော့ လူတိုင်းလုပ်နိုင်တယ်၊ ကျင့်ကြံနိုင် ပါတယ်။
(၁) နာလိုစိတ်မရှိတဲ့ မိန်းကလေးတွေဟာ အေးဆေးတည်ငြိမ်တယ်။ မျက်နှာက လမင်းလိုကြည်လင်ဝင်းပတယ်။
(၂) အမုန်းရန်ငြိုးမရှိတဲ့ မိန်းကလေးတွေဟာ နူးညံ့သိမ်မွေ့တယ်။ မျက်ဝန်း ထဲမှာစစ်မှန်တဲ့ ရိုးသားမှုတွေရှိတယ်။
(၃) စကားပြော ညင်သာပျော့ပျောင်းပြီး စကားကြမ်းမပြောတဲ့ မိန်းကလေးတွေ ဟာ ပန်းလေးတစ်ပွင့်နဲ့တူတယ်။ ခူးယူသူရဲ့လက်ကို ရနံ့တွေနဲ့ မွှေးကြိုင်စေတယ်။
(၄) ရမ္မက်လောဘ ကင်းရှင်းတဲ့ မိန်းကလေးတွေဟာ မြင့်မြတ်တဲ့ရုပ် ကိုဆောင်တယ်။ ရည်မွန်ကျော့ရှင်းတယ်။
(၅) စိတ်ကြီးမ၀င်တဲ့ မိန်းကလေးတွေဟာ ရိုးသားစစ်မှန်တယ်။ စိမ့်စမ်းရေ
လို အေးမြတယ်။
(၆) သက်ရှိတွေအပေါ် ချစ်ခင်နှစ်သက်တဲ့ မိန်းကလေးတွေဟာ တန်းတူမေတ္တာနဲ့ ပေးဆပ်တဲ့မိခင်လို မေတ္တာရောင်ခြည်မျိုး ထွန်းတောက် တယ်။ ညှာတာကြင်နာတယ်။
(၇) အလိုမကြီး၊ မငြီးတွားတဲ့ မိန်းကလေးတွေဟာ ကြည်လင်ပြီး စိတ်ရော ကိုယ်ပါ ကျန်းမာတယ်။
(၈) အာရုံစိုက်ပြီး လုပ်တတ်တဲ့၊ စိတ်ရိုးရှင်းတဲ့ မိန်းကလေးတွေဟာ အသား အရည်ဝင်းပပြီး တည်ကြည်တယ်။ လရဲ့အလင်းတန်းလို ကြည်လင်ပြီး ဆွဲဆောင်မှုနဲ့ပြည့်လို့နေပါတယ်။
မိန်းကလေးတိုင်း မွေးရာပါ ရုပ်ရှည်မလှပချင်နေပါစေ ဘ၀ကိုတော့
လှလှပပ ရှင်သန်နေထိုင်သင့်တယ်....။
ရွှေရည်စိမ် ကျွန်
အချိန်တန်တော့လဲ အိမ်ပြန်ကြရမှာပေါ့
တနေ့ ပြီး တနေ့ ပြီး နောက်တစ်နေ့
အချိန်တန်လို့ အိမ်ပြန်သွားကြသူတွေ
အချိန်တန်လို့မှ ပြန်သွားစရာအိမ်မရှိသူတွေ
အကျည်းတန်ညနေခင်းတွေထဲ
နီယွန်မီးထဲ မျက်ရည်တွေ သွန်သွန်ချ ။
အာရှလား ဥရောပလား
ကျားလား နွားလား
သွားကြားလား  -ီး ကြားလားသိစရာမလို
ကျုပ်တို့ဟာ လွယ်လင့်တကူ ညပ်ခဲ့ကြ
ကိုယ့်အတောင်ပံကိုယ် ညှပ်ပစ်ခဲ့ကြ ။
ကမ္ဘာမှာ ငွေဝယ်ကျွန်စနစ် ပပျောက်ခဲ့ပြီ တဲ့
ဆောင်ပုဒ်တွေကို မစားရ၀ခမန်း ရွတ်နေတတ်တဲ့
ကျုပ်တို့က ..... ငွေပေးကျွန်
ကိုယ့်အိတ်ထဲကငွေ နဲ့ ကိုယ် ကျွန်လာခံကြ
( တချို့က )
သူများအိတ်ထဲကငွေနဲ့ ကျွန်လာခံကြ
ရယ်စရာကောင်းလိုက်တာလေ ။
ဟိုမှာ
ဝတ်ကောင်းစားလှတွေနဲ့ ကျွန်
ဟိုမှာ
ဘောလုံးပွဲ ကြိုက်တဲ့ ကျွန်
ဟိုမှာ
ဖုန်းအကောင်းစားနဲ့ ကျွန်
ဟိုမှာ
ရည်းစားထည်လဲတွဲတဲ့ ကျွန်
ဟိုမှာ
ဘီယာသောက်နေတဲ့ ကျွန်
ဟိုမှာ
အိမ်လွမ်းနေတဲ့ ကျွန်
ကျွန်တော်လား
သောက်ကြီးသောက်ကျယ် ကျွန် ။
" နှစ်ဆယ့်လေးနာရီ မီးမပြတ်ဘူး အမေ "
" ရေကလဲ ဘယ်ချိန်ဖွင့်ဖွင့် လာတယ် အမေ "
ရေမီးအစုံ နဲ့ ဘ၀ဟာ
ခွေးတောင်မလျက်တဲ့ ထန်းလျက်လို ထူပေတာပေခံခဲ့ရ
မာကျောခဲ့ရ  ပျော့ညံ့ခဲ့ရ
အားတင်းခဲ့ရ အားပြတ်ခဲ့ရ ။
ဖရီးကောလင်း ၊ စားသောက်ဆိုင်ကောလင်း
စက်ရုံကောလင်း ၊ ဘာညာသာရကာကောလင်း
( တချို့က )
ထောင်နံရံ မှီအိပ်နေတဲ့ သံဗုဒ္ဓေကောလင်း
အလန်းဆုံးဝတ်ပြီး မိသားစုကို လက်ပြနှုတ်ဆက်ခဲ့ကြ
အမှတ်တရ ဓါတ်ပုံပေါင်းများစွာ ချန်ထားခဲ့ကြ
ကိုယ့်ကိုကိုယ် ကျွန်ဇာတ်ထဲ ပျော်ပျော်ကြီး သွတ်သွင်းခဲ့ကြ ။
ဟန်ကိုယ့်ဖို့သာ ရှိစေတော့
ကျွန်မသားလေးက နိုင်ငံခြားမှာလေ တဲ့လား အမေ
ဂုဏ်ယူဝံ့ကြွားစွာ ကျွန်အမည်ကို တမ်းတ
ကျွန်တော် ရှက်ဖို့တောင် မေ့မေ့သွားပါရဲ့ ။
အချိန်တန်တော့လည်း အိမ်ပြန်ကြရမှာပေါ့
အချိန်တန်တော့လည်း အိမ်ပြန်ကြရမှာပေါ့
အချိန်တန်တော့လည်း အိမ်ပြန်ကြရမှာပေါ့
အဲ့ဒါ ဒို့တာဝန်အရေးသုံးပါးပဲ
ဂါထာလို ရွတ်ခဲ့ရ ။
ကျေကျေနပ်နပ် အထိုးခံခဲ့ကြတဲ့  ကျွန် တက်တူး
တချို့က လုပ်အား နဲ့ အောက်ကျနောက်ကျ ပွတ်သပ်ဖျက်ကြ
တချို့က မျက်ရည် နဲ့ ထိတ်လန့်တကြား ပွတ်သပ်ဖျက်ကြ
တချို့က စာရိတ္တ နဲ့ အလောတကြီး ပွတ်သပ်ဖျက်ကြ
သံဗုဒ္ဓေ မှ နပ်မှန်အောင် မရွတ်နိုင်ခဲ့ကြ
ကျုပ်တို့လေ
သေရမှာတောင် မေ့နေကြသလိုလို ။
တနေ့ ပြီး တနေ့ ပြီး နောက်တနေ့ နဲ့ နောက်တနေ့
မိုးမျှော်တိုက်တွေကြားထဲ
နစ်ဝင်သွားတဲ့ စိတ်ဓါတ် နဲ့
သူစိမ်းတစ်ယောက်လို နေသားကျခဲ့ရ ။
နောင်ကြီးတို့ရေ . . . ရွှေတဲ့လား ။
အောက် တန်း စား ရွှေ
ကိုယ့်တိုင်းပြည်မှာ ကိုယ် မနေရခြင်းဟာလဲ
အောက်တန်းကျလွန်းတဲ့ ၀ဋ်နာကံနာ
ကိုယ့်ကိုကိုယ် ပြန်တိုက်ထားတဲ့ ကျိမ်စာ ။
ဟုတ်တယ်
ကျုပ်က
သောက်ကြီးသောက်ကျယ် ကျွန် ။
Credit - မင်းလုလင် -
ကျွန်
ရှေးရှေးတုန်းကတော့
နယ်ချဲ့ တွေက ကျွန်ပြုဖို့ ကျွန်တော်တို့ ဆီကိုလာတယ်။
ဒီဘက်ခေတ်မှာတော့
ကျွန်ခံဖို့ ကျွန်တော်တို့ ကိုယ်တိုင် ခရီးထွက်ရတယ်။
လူဖြစ်ပေမယ့် ရွေးချယ်ခွင့်က မရှိခဲ့ဘူး အမေရယ်။
ကျွန်တော့် အဖြစ်က
အိပ်မက်ထဲက ကမ္ဘာကို
ကျွန်ရွာ....မှာမှ သွားရှာမိတဲ့ အဖြစ်။
 သေရင် မြေကြီးဆိုတာကတော့ မှန်ပါတယ်။
ရှင်ရင်တော့ မစို့ မပို့ ငွေလေးက ကျွန်တော်တို့ အတွက်ရွှေထီးပေါ့။
တရွာပြောင်းပေမယ့် သူကောင်းတော့ မဖြစ်ခဲ့ပါဘူး။
ကျွန်တော ကတော့ ကျွန် ...ပဲဖြစ်ခဲ့တယ်။
ကြောက်ရင်လွဲ ရဲ.....ရင်...မင်းဖြစ်သတဲ့။
ကျွန်တော်… အမေနဲ့ ညီမလေးတွေအတွက် ရဲ...ခဲ့ပါတယ်။
ကျွန်ပဲ ဖြစ်နေသေးတယ် အမေ။
ကျွန်တော့်ရဲ့  ရဲရင့်မှုတွေကပဲ နေရာလွဲခဲ့လို့ လား။
ကိုယ့်အခွင့်အရေးကို သိဖို့ နေနေသာသာ
တစ်ချို့ သူငယ်ချင်းတွေဆို ကိုယ့် အသက်ဘယ်လောက်ရှိမှန်းတောင် မသိရှာဘူး။
တချို့ ကလေးတွေဆို မြန်မာ နာမည်တောင် မရှိရှာဘူး။
ဘော(့စ်) ဆိုသူတွေ ပေးတဲ့နာမည်တွေ ပဲ ရှိကြတယ်။
အမေပြောတော့ အလုပ်လုပ်ရင် ကြီးပွါးမယ်ဆို။
အလုပ်လုပ်လေ ပိုခိုင်းလေလေပဲ အမေ။
ကျွန်ဖြစ်လေလေပဲ အမေရဲ့ ။
လူအချင်းချင်းဆိုတဲ့ အသိ
သူတို့ မှာ မရှိဘူး အမေ။
သွေးစုပ်ဖို့ ပဲ သူတို့ သိတယ်။
အမေရယ်
ကျွန်တော်လည်း အစကတော့
ချစ်သူရဲ့ မျက်နှာသုတ်ပုဝါလောက် ဖြစ်ဖို့ မှန်းပြီးထွက်ခဲ့တာပေါ့။
အခု ဖြစ်လာတာက အားလုံးရဲ့ ခြေသုတ်ပုဆိုး
မရှိသေးတဲ့ အစွယ်တောင် ကျိုးခဲ့ပြီ်။
ခုတော့
ကျွန်တော့် အသည်းနှလုံးကလည်း
ကျွန်အချင်းချင်တောင်
ပြန်မစုပ်ချင်တဲ့ သရက်စေ့ တစ်စေ့ပေါ့။
ကိုယ့်ကိုယ်ကို ကျွန်လို့ သုံးလို့ 
မငိုလိုက်ပါနဲ့ အမေရယ်။
သူတို့ ဒေါသလေးတစ်ချက်ထွက်ရုံနဲ့ 
ရာဘာခင်းထဲ ရက်ရက်စက်စက် အသတ်ခံရနိုင်တာဆိုတော့
ကျွန်တော်တို့ အသက်တစ်ချောင်းက
ရာဘာပင် တစ်ပင်လောက်တောင်တန်ဖိုးမရှိဘူးအမေ။
သူတို့ အချစ်တော် ကြောင်တစ်ကောင်လောက်တောင် တန်ဖိုး မရှိဘူး။
ဒါကို ကိုယ့်ကိုယ်ကို သခင်လို့ 
မျက်လုံးစုံမှိတ်ပြီး ကြွေးကျော်နေရမှာလား။
အနာရှိတာကို လက်ခံမှ ဆေးထည့်လို့ ရမှာပေါ့ အမေ။
လူတွေ ပြောတော့
မြန်မာ အချင်းချင်း ရိုင်းပင်းတယ်ဆို။
ကောင်းတဲ့သူတွေ လည်း အများကြီး ရှိပါတယ်။
တချို့ ကတော့ တော်တော့်ကိုဆိုးတယ်။
ကျွန်တော်တို့ ရွှေလို့ခြုံငုံခေါ်နေတဲ့အထဲက တစ်ချို့ ကပဲ
အချင်းချင်း ရောင်းစားနေကြတာ အမေ။
တိုင်းပြည်မီးလောင်လို့ 
အချင်းချင်းချနင်းရက်တာလား။
ဘာပဲဖြစ်ဖြစ် သူတို့ လူစိတ်မရှိတာ ကတော့
သေချာပါတယ်။
ရွှေဆိုတဲ့ စကားလုံးက
အကုန်လုံးနဲ့ တော့မတန်ဘူး အမေ။
သူတို့ ကို ရွှေစာရင်းထဲက ကျွန်တော်ထုတ်တယ်။
ဟိုတလောက စာအုပ်ထဲမှာ ဖတ်လိုက်ရတယ်အမေ။
လင်ကွန်းဆိုတဲ့ သူက ကျွန်စနစ် ပပျောက်အောင်လုပ်ပေးခဲ့သတဲ့။
ဘယ်မှာ ဟုတ်လို့ လဲ အမေရယ်။
သားတို့ ကိုလာကြည့်စမ်းပါ။
သူလုပ်နိုင်ခဲ့တာ သူ့ နိုင်ငံကွက်ကွက်လေးပဲ
သူ့ ကိုလေးစားပေမယ့်
ကျွန်တော်တို့ အတွက်တော့ သူက
သမိုင်းတင်လောက်အောင် မစွမ်းသေးပါဘူးအမေရယ်။
လူ့ အဖြစ်က ရခဲတယ်ဆို။
ရခဲ တာပဲ ကောင်းပါတယ် အမေ။
ကျွန်တော် လူမဖြစ်ချင်တော့ဘူး။
ကျွန်တော် ငှက်တွေကို ငေးကြည့်မိတယ် အမေ။
ငှက်အချင်းချင်း အမျိုးအနွယ်မတူလို့ ရက်စက်ကြတာမရှိဘူးအမေ။
ငှက်တွေမှာ ပြည်တွင်းစစ်မရှိဘူး။
ငှက်တွေမှာ ဘာသာရေး အဓိကရုဏ်းတွေ မရှိဘူး။
ငှက်တွေမှာ ကိုယ့်အသိုက်အမြုံကို ဗိုလ်ကျပြီး အတင်းရွှေ့ ခိုင်းတာမျိုး မရှိဘူး။
ငှက်တွေ ကံဆိုးမိုးမှောင်ကျပြီး လှောင်အိမ်ထဲမှာ နေရရင်တောင်
သူတို့ သခင်က သူတို့ ကို အချစ်နဲ့ လှောင်ထားတာ။
ကျွန်တော်တို့ ကတော့ အမုန်းနဲ့ လှောင်ထားခြင်းခံရတယ်။
မေတ္တာ အရမ်းငတ်တယ် အမေရယ်။
ကမ္ဘာ့ ခေါင်းဆောင်တွေကလည်း
ကျွန်တော်တို့ ငိုသံတွေ ဘယ်လောက်ကျယ်ကျယ်
အမျိုးသား အကျိုးစီးပွါးဆိုတဲ့ စကားလုံးအောက်မှာ
နားမကြားကြဘူး ထင်ပါရဲ့ ။
လူ့ အခွင့်အရေးဆိုတဲ့ ပန်းဟာ
ဖိနှိပ်သူတွေရဲ့ နှုတ်ခမ်းမှာ မပွင့်ဘူး အမေ။
ကျွန်စနစ်ဟာ
စာရွက်ပေါ်မှာတောင်မှ
မပပျောက်သေးပါဘူး အမေရယ်။
Credit by ကောင်းကင်ကို
http://kingmyanmar.blognee.com/
Friday, 2 May 2014
နွံထဲက....
ပတ္တမြားမှန်ရင်နွံမနစ်ဘူးတဲ့ ဟုတ်တယ်
ဒါပေမယ့်................
ပတ္တမြားမဟုတ်တဲ့ ဒို့ရွှေတွေတော့
ဒီမြေရဲ့ ငွေနွံမှာ အစုလိုက်အပြုံလိုက်နစ်နေကြလေရဲ့...........။
ဘယ်ဘဝကဆုတောင်းတွေများမှားခဲ့ကြလဲမသိ
သူ့ ကျွန်ဘဝကလွတ်ခဲ့လည်း
ငွေရဲ့နွံမှာ ငွေကျွန်အဖြစ်နဲ့
ငွေထားရာနေ ငွေစေရာသွား
လျှောက်လှဲ ချက်မရှိတဲ့ဘဝမှာ
ဘယ်သူကိုယ်နဲ့ ထပ်တူပြု စိတ်ဖြူးဖြူနဲ့စာနာနိုင်မလည်း
ဒီကြားထဲ အစာကျွေးဖို့ အစီအစဉ်မရှိတဲ့
သခင်တစ်ယောက်ရဲ့ရှေ့ မှာ
အမြီးပြုတ်မတက်ရမ်းပြနေတဲ့
ခွေးတစ်ကောင်လို ( ရွှေ) တချို့ ရဲ့လုပ်ရက်
မောင်ဖြူမောင်မည်းမသဲကွဲလို့ အထင်မလွဲနဲ့
ဖိနပ်စီးမကောင်းတာခြေထောက်ပဲ သိနိုင်တယ်.....။
မလာခင်တုန်းကတော့ အမိမြေကနေကျွေးကျော်ခဲ့တယ်
ကိုယ်ကောင်းရင်ခေါင်းမရွှေးဘူးပေါ့
အခုတော့လည်း ငွေရဲ့ နွံမှာ
အစွယ်ချိုးခံထားရတဲ့ ဆင်အိုတစ်ကောင်လို
ဒို့လိုတစ်ပြည်သားတွေ အတွက်
စာနာစိတ်နဲ့မေတ္တာတရားဟာဘယ်မှာလည်း..........၊။
တကယ်တော့ လူမျိုးတွေမတူုကြလည်း
ဦးခိုက်ရာအရက်တွေ လွဲနေတဲ့ ဒီမြေရဲ့ငွေနွံမှာ
စိတ်သွားတိုင်း ကိုယ်မပါပေမယ့်
ကိုယ်သွားတိုင်းပါပါနေတဲ့ ငါ့အရိပ်ကတောင်ငါ့ကိုပြန်မေးလာပြီ
အိမ်ပြန်ရက်ကဘယ်တော့လည်းတဲ့..................။ ။
Credit by ချစ်ဦးလေး[တမာမြေ]
တစ်နေ့တော့ပြန်လာခဲ့ပါ့မယ် . . . မေမေ
ဟိုးအဝေးမှာ
ကြယ်စင်တွေ..သူတို့စွမ်းသလောက်
မှုန်ပြပြပေမယ့်..“ လင်း ” ပြရှာတယ် မေမေ
ကျွန်တော်ရော...မေမေ့အတွက်
ဘယ်လို သစ္စာတရားတွေနဲ့
ဘယ်လို မေတ္တာတရားတွေနဲ့
“ လင်း ” ပြခဲ့ပြီးပြီလဲဟင် ...
မေမေ
ကျွန်တော်တို့အရပ်မှာ
နေတွေမပွင့်ဘူး .. လတွေမသာဘူး
အချိန်တိုင်းမှာ ဖိနှိပ်စီးပိုးမှုတွေနဲ့
ဘယ်လိုများ နေသာစရာကောင်းမှာတဲ့လဲ
ဂါရ၀တရား နဲ့ ရိုသေမှုဟာ
လူ့ဘုံသမိုင်းမှာ ပျောက်ဆုံးနေလေရဲ့
မေမေသင်ကြားခဲ့သမျှ
ကျွန်တော့်မှာ . . . . နောင်တ ဆိုတာကိုအဖော်ပြုလို့
ခရီးကြမ်းကို ဆက်လက်လွှင့်နေမိဆဲ
မေမေ
အဲဒီကောင်းကင်ကြီးအောက်
ကျွန်တော်တို့ မိုးရေတွေ အတူသောက်ခဲ့ကြဖူးတယ်
တနယ်တခြားမှာ
သူတို့ဟာ ဘာကြောင့်များ “ စိမ်း ” သွားကြတာလဲဟင်
ကျွန်တော်တို့ဟာ မြန်မာတွေပါမေမေ
ရွှေတိဂုံဘုရားကြီးရှိတယ်
ဇွဲကပင်တောင်ရှိတယ်
ဧရာဝတီမြစ်ကြီးရှိတယ်
ပုဂံ ရှိတယ်
ဂူဂဲလ်လောက်တော့ပွင့်နိုင်တဲ့ အင်တာနက်လိုင်းကြီးတွေရှိတယ်
တခါတခါ ပိုက်ဆံများရှိလို့ကတော့
လူပေါ်လူကျော်လည်း လုပ်နိုင်သေးတယ်မေမေရဲ့
မေမေ
မဝေးတော့တဲ့တစ်နေ့မှာပေါ့
ကျွန်တော်တို့ မျှော်လင့်ခြင်းတွေကိုယ်စီထုပ်ပိုး
မနိုးသော အိပ်မက်များ ကိုယ်စီနဲ့
မေမေ့အိမ်ကလေးကို ပြန်လာခဲ့မှာပါ
နှင်းဆီရနံ့တွေလွှမ်းနေတဲ့
မေမေ့ ပန်းခင်းလေးထဲ
ကျွန်တော့်ကို မျှော်နေမလားမေမေ
မေမေ့ ရင်ခွင်တံခါးကိုခေါက်
ကျွန်တော် သားချော့တေးတွေ ပြန်ကြားယောင်မိတယ်
လူကလေးရယ်..အိပ်ချိန်တန်..ဗျိုင်းရှေ့ကပျံ
ကျွန်တော့်မျက်ဝန်းတွေထဲ
အခါမလပ် အုံ့ဆိုင်း ရစ်သိုင်းနေဆဲပါ မေမေရယ်
မေမေ
ဒီမြေဒီရေဟာ ကျွန်တော့်အတွက်တော့
တမာခါးတွေစိုက်ပျိုးထားတဲ့ ပူပြင်းစူးရှ
ကန္တာရသက်သက်ရယ်ပါ မေမေ
တခမ်းတနား အဆောက်အအုံတွေနဲ့
မီးရထားဖြူဖြူကြီးတွေနဲ့
သူတို့ဟာ စက်ရုပ်တွေများလားမေမေ
အချိန်တန်အိပ် အချိန်တန်စား
ဘ၀ဟာ နေခြင်းလား... သေခြင်းလား
ဘယ်လို အသိတရားမျိုးတွေနဲ့
ကျွန်တော်ဆက်နေထိုင်ရမလဲဟင် မေမေ
မေမေ
နံနက်ခင်းနိုးထခါစ မေမေ့လက်ရာထမင်းကြော်နဲ့
ပဲပြုတ်ဆီဆမ်းကို ကျွန်တော်တအားလွမ်းတယ်မေမေ
ကျွန်တော့်ကို ဆူပါဦးမေမေ
ကျွန်တော့်ကို ရိုက်ပါဦးမေမေ
တခမ်းတနား အဆောင်အယောင်တွေကို
ကျွန်တော်မုန်းတီးနေခဲ့တာကြာပါပြီ
ဘ၀က လှိုင်းထန်လည်းပဲ
မေမေ့ ၀ဲဂရက်ထဲပဲ ကျွန်တော်လွန့်လူးပျော်မွှေ့ချင်တယ်
မေမေ့ လှေငယ်လေးပဲ ကျွန်တော် လှော်ခတ်ချင်တယ်
အို... မေမေရယ်
မဝေးတော့တဲ့ တစ်ရက်မှာပေါ့
ကျွန်တော် အရောက်ပြန်ခဲ့မှာပါ
ခွင့်လွှတ်ခြင်းတရားတွေ နဲ့ မေမေ့ ရင်ခွင်နွေးနွေးကြား
ကျွန်တော် အိပ်စက်ခိုလှုံပါရစေဦးနော်
လွမ်းနေခွင့်
(အဝေးရောက် “ သား ” များ ကိုယ်စား ခံစားရေးဖွဲ့ပါတယ် )
http://mompoem.blogspot.com/search/label/ကဗျာ
ဖတ်ကြည့်ပါ
သူငယ်ချင်းရေ
ရောင်းအားမကောင်းတော့တဲ့
ဈေးကွက် တစ်ခုအတွက်တော့
စိတ်မလေနဲ့
Baiyoke အပေါ်က Bar မှာတောင်
လူမရှိတာကြာပြီဟ။
သူငယ်ချင်းရေ
ဒီနေ့ အရင်လိုဟင်းမစုံလို့
မစားချင်ဘူးမလုပ်နဲ့
ထမင်းရည်သောက်နေတဲ့သူတွေ
ပိုပိုများလာတာ မမေ့နဲ့ဟ။
သူငယ်ချင်းရေ
ရှိစုမဲ့စုတွေ ရောင်းခိုင်းပြီး
Abroad Study တော့မလုပ်ပါနဲ့ကွာ
မင်းတတ်တဲ့ A B C D
ဟိုမှာတတ်ချင်လွန်းလို့
မြေပေါ်မှာ အရေးကျင့်တဲ့
သူတွေရှိတယ် ဟ။
သူငယ်ချင်းရေ
ဒီအလုပ်က မမိုက်ပါဘူးကွာ
ပင်ပန်းလို့ စိတ်ပျက်လိုက်တာလို့တော့
ဂဂျီဂဂျောင် မလုပ်နဲ့
မင်းနောက်မှာ အဲ့ဒါလိုချင်လို့
တန်းစီ နေတဲ့
အလုပ်လက်မဲ့တွေ
အများကြီးပဲ ဟ။
သူငယ်ချင်းရေ
မိဘစကားတတွတ်တွတ်ကြားလို့
ကျဉ်းကျပ်တယ်မထင်နဲ့
မိဘမဲ့ ကလေးကျောင်း
တစ်ရက်လောက်သွားကြည့်
မေတ္တာ ငတ်တဲ့
မျက်ဝန်းဆိုတာ မြင်ဖူးအောင်လို့ဟ။
သူငယ်ချင်းရေ
မင်း Boyfriend, Girlfriend (Wife, Husband)
ရဲ့ မေတ္တာစစ်ကို မစော်ကားမိစေနဲ့
မင်းအားကျတဲ့ အနောက်တိုင်း
ယဉ်ကျေးမှုမှာ
၂ ပွေတွဲ ၃ ပွေတွဲ
၁ ချီစား ၂ ချီစား
အရင် Fancy နောက် Fancy
အရင် Hubby နောက် Hubby
ရဲ့ ဇယားတချို့ရှိနေလေရဲ့ဟ။
သူငယ်ချင်းရေ
မင်းကိုအမှန်အတိုင်းခင်ပြရင်
စကားလမ်း ကြမ်းချင်ကြမ်းမယ်
မင်းဘေးမှာ
ချိုသကားပျားနဲ့
လိုရာစားမယ့်
ဂွင် တချို့ မ၀င်စေနဲ့ဟ။
ဒီခေတ်မှာက
ဇွဲရှိဖို့ ကြိုးစားဖို့
စိတ်ရှည်ဖို့ တော့လိုတယ်
အဲ့....တချို့က အဲ့လိုကြိုးစားရင်း
လက်ရှိနေရာရဲ့တန်ဖိုးကို
မေ့သွားလေရဲ့။
နေရာတိုင်းမှာတော့
နေရာလိုက်တန်ဖိုး
ရှိနေလေရဲ့။
ခေတ်သစ် ကြေးမုံမှာ
မြင်အောင်ကြည့်ပေါ့ကွာ...။ ။
ရေးသူ
Kaung Khant
စိုးသူရရဲ့ ကဗျာလေးတစ်ပုဒ်
ခင်ဗျားလည်းမကြိုက်ဘူး
ကျွန်တော်လည်းမကြိုက်ဘူး ...
ဒါပေမယ့် စစ်ကတော့ ဆက်တိုက်နေတုန်းပဲ ...
ယမ်းငွေ့ကြားက လမ်းကလေးတွေမှာ
ပန်းကလေးတွေရဲ့ မနက်ဖြန်ဟာ မတောက်ပတော့ဘူး ...
တည်ဆောက်ရတာခက်သလောက်
ဖြိုဖျက်ရတာ သိပ်လွယ်သတဲ့ ...
ဖက်တွယ်ထားတဲ့ လက်ကလေးကိုဖြုတ်
စာသင်ကျောင်းလေးကို နှုတ်ဆက်ချိန်
ပျော်ရွှင်ရယ်မောသံတွေ တိမ်ဝင်ခဲ့ပြီ ...
နွေ ... မိုး ... ခု ဆောင်းရာသီ ...
ကုတ်အကျီကို အထပ်ထပ်ဝတ်
ဘောင်းဘီရှည်ကို မချွတ်ပဲ ...
ကျွန်တော်တို့တွေ အမိုးအောက်မှာ မီးလှုံနေချိန် ...
သူတို့တွေ ဘယ်နေရာကို အိမ်လုပ်ပြီးနေနေကြသလဲ ...
ခေါင်းထဲမှာ မေးခွန်းတွေပြည့်နှက် ...
အအေးစက်ဆုံး ဒီရက်တွေမှာ
ကျွန်တော်တို့ချစ်တဲ့ မြန်မာပြည်ဟာ
ဒီမိုကရေစီစောင်ခြုံအောက်မှာ ခိုက်ခိုက်တုန်နေလေရဲ့ ...
.........................................................................
စိုးသူရ
(၁၆-၁-၂၀၁၂)
ဘ၀ စာစုများ.....
*ဘ၀ဆိုတာ လှေကားထစ်များလိုပါပဲ…….
အောက်ခြေကနေ အပေါ်အမြင့်ဆုံးရောက်အောင် ပို့ပေးနိုင်သလို အမြင့်ကနေအောက်ဆုံးရောက်အောင်လည်း ပို့ပေးနိုင်ပါတယ်……
အရေးကြီးတာက ရွေးချယ်ရမဲ့ခြေလှမ်းပဲ ဖြစ်ပါတယ်……….
*စိတ်ကူးနဲ့ ရွှေနန်းတော်ဆောက်ရတာ လွယ်ပါတယ်…..
တကယ်ဆောက်တော့မယ်ဆိုရင် အုတ်
တစ်လုံးရအောင်ဖုတ်ဖို့တောင် မလွယ်လှပါဘူး…….
*အနာဂတ်ဆိုတာ……စိတ်ထဲမှာလျှက်တပြက်ပေါ်လာတဲ့ ဆုံးဖြတ်ချက်ထစ်ခုပါပဲ...
အမှားအမှန် အဖြေအတွက်ကတော့ ဘ၀နဲ့ရင်းတန်ရင်းရပါတယ်………
*ချစ်သူအတွက် အသက်စွန့်ပါမယ်လို့ ပြောနေမဲ့အစား ချစ်သူအမှားအတွက် ဘယ်လောက်
ခွင့်လွှတ်ပေးနိုင်မည်ကို ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်...........
*ကတိမတည် သစ္စာမရှိသောချစ်သူအတွက် သင့်ရဲ့ချစ်ခြင်းမေတ္တာတွေကို မျက်ရည်အဖြစ်
မပြောင်းလဲလိုက်ပါနဲ့……………………
*စစ်မှန်တဲ့အလှတရားဆိုတာ ကြည့်တတ်သူတွေမှသာ မြင်တွေ့နိုင်သလို ထိုက်တန်မှလည်း
ရနိုင်ပါတယ်………………….
*အချိန်ကုန်တယ်ဆိုတာ..အချိန်က ကျွန်ုပ်တို့ကို ချန်ထားခဲ့တာမဟုတ်ဘူး.
ကျွန်ုပ်တို့က သူ့ ကို ချန်ထားခဲ့ပြီး ရှေ့ ကို သွားနေတာပါ……….
*မုန်တိုင်းစဲသွားရင် လေပြည်လေနုလာသလို နာကျည်းမှုရဲ့ နောက်ကွယ်မှပေါ်ပေါက်လာတဲ့
နှစ်သက်ကြည်နူးမှုအရသာကလည်း ဘယ်အရာနဲ့မှမတူအောင် ချိုမြိန်လွန်းလှပါတယ်….
*လောကတွင် အသေချာဆုံးရင်းနှီးမြှပ်နှံမှုမှာ မိမိကိုယ်ကို အားကိုးခြင်းပင်ဖြစ်၏……..
*မိမိအနိုင်ရသောအချိန်တွင် မမေ့မလျှော့ကြည့်သင့်သောအရာမှာ ရှုံးနိမ့်သွားသူ၏ ခံစားချက်ပင် ဖြစ်၏…………..
*အောင်မြင်လိုသူတိုင်းအခက်အခဲ အတားအဆီးများကို ကျော်ဖြတ်ကြရသည်….
ယင်းတို့မှာ မိမိ၏အရည်အသွေးကိုတောက်ပြောင်လာအောင်အရောင်တင်ပေးသော “မှတ်ကျောက်” များပင်ဖြစ်သည်…………
*အမှားတစ်ခုကိုကျူးလွန်ပြီးမှ နောင်တရခြင်းသည် မပြုလုပ်မီ ‘သတိ’ အနည်းငယ်ထားခြင်းလောက် တန်ဖိုးမရှိလှပေ…………
*စိတ်ဓာတ်ဆိုသည့် မမြင်ရသောစွမ်းအားသည် မြင်နေရသောကျောက်သား နံရံကိုပင် ထွင်းဖောက်နိုင်စွမ်း ရှိပေသည်……………
*ကျေးဇူးတရားကိုဆပ်ချင်သူတွေအတွက် သေးငယ်သော အရာကိုပင်ကြီးမားစွာ မြင်နိုင်သလို
မဆပ်ချင်သူအတွက် အလွန်ကြီးမားသော အရာကိုပင် သေးငယ် စွာ မမြင်တတ်ကြပေ……
*အကောင်းဆုံးပြိုင်ဘက်ကိုရွေးချယ်တော့မည်ဆိုပါက တခြားသူကို ရွေးချယ်ခြင်းထက် မိမိ
ကိုယ်ကို ရွေးချယ်ခြင်းသာအမှန်ကန်ဆုံးဖြစ်သည်………….
*အောင်မြင်ခြင်း ရှုံးနိမ့်ခြင်းဟူသည် သင့်အရည်အချင်းကို စမ်းသပ်သော မှတ်ကျောက်များသာ ဖြစ်ပေသည်………..
*ဆင်းရဲ ငတ်မွတ်ခြင်းနှင့်ရှုံးနိမ့်ခြင်း ဟူသည်…..ယင်းတို့အား ကောင်းစွာအသုံးချနိုင်ပါက
သင်လျှောက်သောလမ်းတွင် တန်ဖိုးမဖြတ်နိုင်သည့် ကြီးမားသော ခွန်အားများဖြစ်စေ နိုင်ပါသည်…….
*မှန်သားပြင်ကဲ့သို့ သစ္စာရှိသောမိတ်ဆွေကို ရှာဖွေလိုပါက မှန်နောက်ဘက်မှ ပြဒါးကောင်း မကောင်းကို အရင်လေ့လာသင့်ပါသည်…………..
*တစ်ကြိမ်တည်းတော့သင်လိုချင်တာကိုမရနိုင်စေကာမူ အကြိမ်ကြိမ်ကြိုးစားလျှင်တော့ ရနိုင်မည့်နည်းလမ်းကို တွေ့မြင်နိုင်ပါတယ်…………
*ပွင့်လင်းမှုရှိသောသူသည် လောလောဆယ် အခက်အခဲတွေ့ နိုင်သော်လည်း နောက်ပိုင်း
တွင် ပြဿနာကင်းစွာ နေရပေလိမ့်မည်…………
*ကိုယ့်လက်ထဲမှာရှိနေတဲ့ပစ္စည်း ဒါမှမဟုတ်….လူတစ်ယောက်ရဲ့ အရည်အချင်းကို သူမရှိတော့မှ ပိုပြီး သိနိုင်ပါတယ်………
*ဆင်းရဲနေခြင်းဟာဘ၀အောင်မြင်မှုအတွက် အတားအဆီး အဟန့်အတားမဖြစ်နိုင်ပါ…
ထို့အတူအောင်မြင်မှု အတွက်လည်းတားဆီးပိတ်ပင်မှု မပြုနိုင်ပါ….ဆင်းရဲနေသည့်
အတွက်ဘ၀ဆုံးရှုံး မှုလည်းမဖြစ်နိုင်ပါ….ကြိုးစားမှု မရှိသောစိတ်ဓာတ်မှသာ သင့်ဘ၀အတွက် အရာရာကိုဖျက်ဆီးနိုင်သာ ရန်သူ ဖြစ်ပါသည်……….
*ပြိုင်ဘက်ဆိုတာ မိမိရဲ့အရည်အသွေးတွေကို ပိုမိုတောက်ပြောင်လာအောင်ပွတ်တိုက်ပေးနေသူလို့ သဘောထားလိုက်ပါ…………….
*ဘ၀ဆိုတာအချိန်ပါပဲ…..အချိန်ကိုဖြုန်းတီးနေခြင်းဟာ ဘ၀ကိုဖျက်ဆီးပစ်တာနဲ့ အတူတူပါပဲ
*သင်ကလွဲပြီး ကျန်တဲ့သူတွေကိုကြည့်ရတာ အဆင်ပြေတယ်လို့ မထင်ပါနဲ့ ကျန်တဲ့သူတွေကလည်း သင်တွေးသလို တွေးနေကြတာပါပဲ…………..
ရေးသားသူ.....စွမ်းလေး(fri=1)
from
http://www.myanmarchatonline.org/forum/index.php?topic=37234.0
ပညာပေးစကားများ............
  • ကိုယ့်ကိုကိုယ် ဒီကမ္ဘာပေါ်က ဘယ်သူနဲ့မှ နှိုင်းပြီး မယှဉ်ပြိုင်ပါနဲ့။ အဲဒီလို ပြိုင်လိုက်တာဟာ ကိုယ့်ကိုကိုယ် စော်ကားလိုက်တာပါပဲ။
  • ဘယ်သူမှ သော့တံမရှိတဲ့ သော့ခလောက်ကို မဖန်တီးပါဘူး။ အဲဒီလိုပဲ မြတ်စွာဘုရားကလည်း အဖြေမရှိတဲ့ ပြဿနာကို မပေးပါဘူး။ 
  • သင်စိတ်ညစ်နေတဲ့အခါမှာ ဘ၀က သင့်ကိုရယ်တယ်။ သင်ပျော်ရွှင်နေတဲ့အခါမှာ ဘ၀က သင့်ကို ပြုံးပြီးကြည့်တယ်။ သင်သူများတွေကို ပျော်ရွှင်အောင် လုပ်ပေးတဲ့အခါမှာတော့ ဘ၀က သင့်ကို အလေးပြုတယ်။
  • အောင်မြင်သူတိုင်းမှာ ပင်ပန်းဆင်းရဲတဲ့ ဇာတ်လမ်းတစ်ပုဒ် ရှိဖူးပါတယ်။ ပင်ပန်းဆင်းရဲတဲ့ ဇာတ်လမ်းတိုင်းမှာလည်း အောင်မြင်တဲ့ဇာတ်သိမ်းတစ်ခု ရှိပါတယ်။
  • လွယ်တာက သူများရဲ့အမှားကို ဝေဖန်အကဲဖြတ်ဖို့ပါ။ ခက်တာကတော့ ကိုယ့်အပြစ်ကို အမှန်အတိုင်း သိမြင်ဖို့ပါ။
  • ဘယ်သူမှ အတိတ်ကို ပြန်သွားပြီး ဆိုးရွားတဲ့အစကို ပြင်လို့မရပါဘူး။ ဒါပေမယ့် အောင်မြင်တဲ့ အဆုံးသတ်ရဖို့ အခုချက်ချင်း စတင်လှုပ်ရှားတာကိုတော့ လူတိုင်းလုပ်လို့ ရပါတယ်။
  • ပြဿနာတစ်ခုဟာ ဖြေရှင်းလို့ရနိုင်တာဆိုရင် ဘာမှစိတ်ပူစရာ မလိုပါဘူး။ ဖြေရှင်းလို့ မရနိုင်ဘူး ဆိုရင်လည်း စိတ်ပူနေလို့ ဘာများထူးမှာ မို့လို့လဲ။
  • အခွင့်အရေးတစ်ခုကို ဆုံးရှုံးလိုက်ရပြီဆိုရင် သင့်မျက်လုံးတွေကို မျက်ရည်တွေနဲ့ ပြည့်မနေပါစေနဲ့။ မျက်ရည်တွေက သင့်ရှေ့က ပိုကောင်းတဲ့ နောက်ထပ်အခွင့်အရေးတစ်ခုကို ကွယ်ပစ်လိုက်ပါလိမ့်မယ်။
  • မျက်နှာကိုပြုပြင်လိုက်တာ (Changing the face) ဟာ ဘာကိုမှ ပြောင်းလဲစေနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် အပြောင်းအလဲကို ရင်ဆိုင်လိုက်တာ (Facing the change) ကတော့ အရာရာကို ပြောင်းလဲသွားစေနိုင်ပါတယ်။
  • သူများတွေအကြောင်း မကျေမနပ် ညည်းညူမနေပါနဲ့။ ငြိမ်းချမ်းချင်ရင် ကိုယ့်ကိုကိုယ်ပဲ ပြောင်းလဲပြုပြင်လိုက်ပါ။
  • အမှားတွေက ဖြစ်ပျက်နေတဲ့အချိန်မှာတော့ နာကျင်ပင်ပန်းစေပါတယ်။ ဒါပေမယ့် နှစ်တွေကြာလာလို့ အဲဒီအမှားတွေ စုပေါင်းလိုက်တဲ့အခါမှာတော့ သင့်ကို အောင်မြင်မှုဆီ ခေါ်ဆောင်သွားမယ့် "အတွေ့အကြုံ"ဆိုတာ ဖြစ်လာပါတယ်။
  • ကျရှုံးတဲ့အချိန်မှာ ရဲရင့်မှုရှိပါ။ အောင်မြင်တဲ့အချိန်မှာ တည်ငြိမ်မှုရှိပါ။
  • အပူပေးခံထားရတဲ့ ရွှေတွေဟာ အလှဆင်ပစ္စည်းတွေ ဖြစ်လာပါတယ်။ ပြင်းပြင်းထန်ထန် နန်းဆွဲခံထားရတဲ့ ကြေးတွေဟာ ၀ိုင်ယာကြိုးတွေ ဖြစ်လာပါတယ်။ ထွင်းထုခံထားရတဲ့ ကျောက်တုံးတွေဟာလည်း ရုပ်ထုတွေ ဖြစ်လာပါတယ်။ ဒါကြောင့် သင့်ဘ၀မှာ နာကျင်မှုခံစားရမှုတွေ များလာလေ သင့်ရဲ့တန်ဖိုးတက်လာလေပါပဲ။
From.....http://kaytarmyasein.multiply.com/journal/item/37
ခေါင်းဆောင် မတင်ထိုက်သူများ
“ဂဏန်း၊ ပုတ်သင်၊ ၀ါးပင် ၊ နွားသိုး၊ လိပ်မျိုး၊ ခွေးအ၊ ဤခြောက်ဝ နာယက မတင်ထိုက်။”
၁။ ဂဏန်း = လက်မ ထောင်ခြင်း 
၂။ ပုတ်သင် = ပြောသမျှ ခေါင်းငြိမ့်ခြင်း
၃။ ၀ါးပင် = လေသင့်ရာ ယိမ်းတတ်ခြင်း 
၎။ နွားသိုး = ရှူးရှူးဒိုင်းဒိုင်း လုပ်တတ်ခြင်း 
၅။ လိပ်မျိုး = မိမိဘက်သို့ ယက်တတ်ခြင်း 
၆။ ခွေးအ = ကောက်ကျစ်ခြင်း ဤခြောက်ဝ မှတ်ပါ အနာယက။
၁။ ဂဏန်း
     ဂဏန်းနဲ့ တူတဲ့ လူစားမျိုးတဲ့။ ဂဏန်းဆိုတဲ့ ကောင်ဟာ အမြဲတမ်း လက်မတစ်ထောင်ထောင်နဲ့ ရှိတတ်ပါတယ်။ ငါမှတတ်တာ၊ မင်းတို့က ဘာမှ သိတာမဟုတ်ဘူး။ ငါ့ဆရာ လာမလုပ်နဲ့ ဆိုတဲ့ လူစားမျိုးပါ။ အောက်လက်ငယ်သားကို ကျွန်လို ဆက်ဆံတတ်တဲ့ သူမျိုးကို ဆရာမတင်ထိုက်ဘူး။
၂။ ပုတ်သင်
     ပုတ်သင်လို လူစားမျိုးတဲ့။ ဒီကောင်ကတော့ ကိုယ်ပိုင်အရည်အချင်းဘာမှ မရှိပါဘူး။ သူများပြောတိုင်း ခေါင်းညိတ်တယ်၊ ဘယ်သူက ပြောပြော “အေးလုပ်လိုက်ဆိုတာချည်းပဲ”။ အဲဒီလိုလူမျိုး ဆရာ တင်မိပြန်ရင်လည်း ငါးပါးမကဘူး။ ဆယ့်ငါးပါး လောက်မှောက်ရော။
၃။ ၀ါးပင်
ကိုယ်ပိုင်ရပ်တည်မှု မရှိဘူး၊ နေရာတကာ ရေလိုက် ငါးလိုက်ဆိုတဲ့ လူစားမျိုး၊ အစွယ်ကောင်းရင် ပါသွားတာချည်းပဲ၊ ကောင်းတာဆိုလည်း အစွယ်ကောင်းရင် လုပ်တယ်။ မကောင်းတာဆိုရင်လည်း မက်လုံးကောင်းရင်လုပ်တယ်။ ပျော့ညံ့တဲ့ လူစားမျိုး၊ ဒီလိုလူစားမျိုးလည်း ဆရာ တစ်ယောက်အနေနဲ့ အားမကိုးထိုက်ပြန်ဘူး။
၎။ နွားသိုး
     နွားသိုး နဲ့တူတဲ့ လူမျိုး။ ဒီကောင်ကတော့ ဘာမဆို အမှားအမှန် မဝေခွဲဘူး။ နေရာတကာ ရှုးဒိုင်းဒိုင်းနဲ့ စွတ်လုပ်တတ်တယ်။ နှလုံးရေ နည်းပြီး၊ လက်ရုံးရေ အားကိုးတဲ့ လူစားမျိုးပေါ့။ ဒီလိုလူမျိုး ခေါင်းဆောင်တင်မိရင်လည်း အားလုံးပျက်ဆီးဘို့များပြီ။
၅။ လိပ်
     လိပ် နဲ့တူတဲ့ လူစား။ ဒီလူမျိုးကတော့ အတ္တကြီးတဲ့ လူစားပေါ့။ ဘာမဆို သူ့အတွက်ပဲ သူသိတယ်။ “ငါခေါင်းဆောင်၊ ငါပေးမှ မင်းတို့ ရမယ်၊ ငါပြီးမှ ပြီးမယ်”ဆိုတဲ့လူစားမျိုး၊ ကိုယ်ကျိုးစီးပွါးပဲ သိတယ်။ အများအတွက် ထည့်မတွက်တတ်တဲ့လူစားမျိုး။(ပရဟိ
တ စိတ်မ၀င်စားတဲ့ လူစားမျိုး)
၆။ ခွေးအ
     ခွေးအနဲ့ တူတဲ့ လူမျိုး။ ဒီလူစားကတော့ ကောက်ကျစ်တယ်။ ဘယ်နေရာမဆို နည်းမှန်၊ လမ်းမှန်က မသွားတတ်ဘူး။ ဘယ်သူ့ကိုမဆို လှည့်စားလိုက်ရမှ စားဝင် အိပ်ပျော်တဲ့လူမျိုး။ ကိုယ့်လက်အောက်ငယ်သားကို ကိုယ့်လက်ခုတ်ထဲက ရေလို၊ ကိုယ်လိုတဲ့ နေရာမှာပဲ အသုံးချတတ်တယ်။
ကဲ...ခေါင်းဆောင်များ စဉ်းစားကြည့်ပါ။ ငါ ဘယ်နံပါတ်နဲ့ ငြိနေလည်းဆိုတာ။ ဘယ်နံပါတ်နဲ့မှ မငြိဘူးဆို၇င်တော့ သင် လူကောင်းဖြစ်ပြီ၊ ခေါင်းဆောင်ကောင်းဖြစ်၊ မဖြစ်တော့ နောက်တင်ပြမယ့် “ခေါင်းဆောင်အင်္ဂါ” နဲ့ ဆက်ပြီး တိုက်ဆိုင်ကြည့်ရပါမယ်။
(သိင်္ဂါလောဝါဒသုတ်ကို ကိုးကားပါသည်)
အလင်းအိမ်(စေတနာပန်းခင်း)20.9.2
011(Tues)
မင်း .. ပို .. လှ .. လာ .. တယ်
လူငယ်စုံတွဲတစ်တွဲ ရပ်ကွက်သစ်တစ်နေရာကို ပြောင်းလာကြတယ်။
နောက်တစ်နေ့ မနက် ၊ သူတို့ နံနက်စာ စားနေကြတုန်း သူတို့ရဲ့ မျက်နှာချင်းဆိုင် က အိမ်နီးချင်းအိမ်ရှင်မ အ၀တ်ထွက်လှမ်းနေတာကို တွေ့လိုက်တယ် ။
မိန်းကလေးဖြစ်တဲ့သူက စားနေသောက်နေရင်း ယောက်ျားလေးကို
လှမ်းပြောတယ် ။
       " အဲဒီ အစ်မလျှော်ထားတဲ့ အ၀တ်တွေက မပြောင်လဲ မပြောင်ဘူးနော် ။
         နည်းမှန်လမ်းမှန်နဲ့ ဘယ်လိုလျှော်ရမယ်ဆိုတာ မသိလို့လား မသိဘူး ။
         အ၀တ်လျှော်ဆပ်ပြာ ကောင်းကောင်းလေး သုံးဖို့လိုတာလဲ 
ဖြစ်ချင်ဖြစ်မှာ "
ယောက်ျားဖြစ်သူကတော့ ဘာမှ မှတ်ချက်မပေးပါဘူး ။ သည်အတိုင်း လက်ပိုက်ပြီး ပြောသမျှနားထောင်နေတယ် ။
         အိမ်နီးချင်း အိမ်ရှင်မ အ၀တ်လှမ်းတိုင်း လှမ်းတိုင်း မိန်းကလေးကခုနက မှတ်ချက်တွေပဲ ပေးနေခဲ့တယ် ။ " မပြောင်ဘူး ၊ မပြုဘူး ဘာညာပေါ့ " ။
         တစ်လလောက်ကြာပြီးတဲ့နောက် ၊ သန့်ရှင်းတောက်ပနေတဲ့ အ၀တ်တွေကိုကြိုးတန်းပေါ်မှာ တွေ့လိုက်ရလို့ မိန်းကလေးအံ့သြပြီး သူမယောကျာ်းကိုပြောလိုက်တယ် ။
         " ဒီမှာ ကြည့်ကြည့်ဦး ၊ ဟိုအစ်မတော့ အ၀တ်လျှော်နည်း သိသွားပြီ ထင်တယ် ။ သူ့ကို ဘယ်သူသင်ပေးလိုက်လဲမသိဘူး .....သိချင်လိုက်တာ "
မိန်းကလေးရဲ့ စကားအဆုံး ယောက်ျားလုပ်သူက အဖြေ 
ပြန်ပေးတယ်။
         " ဒီမနက် ကိုယ်အိပ်ရာ စောစောထပြီး ပြတင်းပေါက်တွေကို
  သန့်ရှင်းရေး လုပ်ထားတာပါ "
..........................................................................................
         ဇာတ်လမ်းလေးက သည်လောက်လေးပါ ပဲ ။
         တကယ်တော့ ကျွန်တော့်တို့ဘ၀တွေလည်း ဒီလိုပဲဆိုတာ တွေးကြည့်ရင် သိနိုင်ပါတယ် ။တခြားသူတွေကို ကြည့်တဲ့အခါ ကျွန်တော်တို့ မြင်ရတာက  စိတ်ဆိုတဲ့ တဆင့်ခံ ပြတင်းပေါက်တွေကနေပါ ။
         ဘာဝေဖန်ချက်မှ မပေးခင်မှာ ၊ ကျွန်တော်တို့ရဲ့ စိတ်နေ စိတ်ထားကလည်း ကြည်နေ ၊ ရှင်းနေ ဖို့ လိုပါတယ် ။
ကျွန်တော့်တို့ ဝေဖန်မဲ့လူရဲ့ တစ်ခုခုကို ကြည့်မဲ့အစား
ကောင်းတာလေးကို ရှာကြံကြည့်ဖို့ ရိုးရိုးလေး အရင်တွေးကြည့် သင့်ပါတယ် ။ 
        ကျွန်တော်တို့ သူ့ကို ကောင်းတာလေးတွေးပြီး ကြည့်ရင် သူရဲ့ ကောင်းတာလေးတွေကိုပဲ မြင်မှာပါ ။ ဆိုးတာ ၊
ညံ့တာတွေ အရင်တွေးရင်တော့ သူဘာလုပ်လုပ် အဆိုးတွေ ၊ အညံ့တွေချည်း ဖြစ်နေပါလိမ့်မယ် ။
          စိတ်ကြည်ကြည်လင်လင်လေးနဲ့ ကောင်းကွက်လေးတွေ ရှာကြံကြည့်လို့ကတော့ ကိုယ်ကြည့်လိုက်တဲ့သူဟာ
အရင်ကထက်ပို ကြည့်ကောင်းလာ ၊ပိုလှလာတာကို တွေ့ကြရမှာပါ ။
.....................................................................................
          " ကောင်းကွက်ကိုရှာ ..
            မြင်သာအောင်ကြည့် ...
            ငါ ရိုးရိုးလေးသိလိုက်တာ ....
            မင်း .. ပို .. လှ .. လာ .. တယ် "
....................................................................................
သူငယ်ချင်းများအားလုံး ပိုလှတဲ့ ပတ်ဝန်းကျင်ကို မြင်နိုင်ကြည့်နိုင်ကြပါစေ ..။
http://johnpetar.blogspot.com/search/label/%E1%80%9B%E1%80%9E?updated-max=2012-05-31T02:31:00%2B02:00&max-results=20&start=11&by-date=false
နေ နဲ့ လ (သို့) ကျွန်တော် နှင့် ထား
မတ်လ နေ့လည်နေ့ခင်းအချိန်၊ အပူတပြင်းတိုက်ခတ်လာသော လေပူများကြား ကြွေလွင့်နေသော သစ်ရွက်အိုဟောင်းလေးများက လေဟုန်စီးပြီး
ပျော်ပါးနေသလိုပင်။ အငြိုးတကြီးဖြင့် ခြစ်ခြစ်တောက် ပူခြစ်လှသော နေမင်းကလည်း ခေါက်ထီးလေးတစ်ချောင်းအောက် ထိုင်နေသော ကျွန်တော်တို့ အတွဲအား ကွင်းကွက်၍ ထိုးထားသလို ဖြစ်နေသည်။ နားထင်မှ တွယ်စီး လာသောချွေးစက်များအား လက်ဖမိုးနှင့် ပင့်သုတ်လိုက်သည်။
” ကို… ထား ဟိုနေ့ကသူငယ်ချင်းတွေ နဲ့ လျှောက်သွားတာကို ကို စိတ်ဆိုးနေတာလား ဟင်… ” ထား ဆီမှ ပထမဆုံးအသံပင်။ 
ကျွန်တော် ထား ၏ လက်ကလေးကို ဆုပ်ကိုင်လိုက်သည်။
” မဟုတ်ပါဘူး ထား ရယ်.. ကို နားလည်နိုင်မှာပါ… ” 
ဟုဆိုပြီး သက်ပြင်းဖွ ဖွလေးချမိသည်။ ထား ကျွန်တော့လက်ကလေးကို ဆုပ်ကိုင်လိုက်ပြီး ခေါင်းလေးကို ပုခုံးပေါ် မှီချလိုက်သည်။
” ထား …. ”
” ဘာလဲ ကို ”
” ကို ပုံပြင်လေး တစ်ပုဒ် ပြောပြမလို့ ”
” ဟုတ်…ပြောပြလေ… ထား နားထောင်နေတယ်… ” 
ဟု ပြန်ဆိုသည်။ အမှန်ဆို ပြောစရာပုံပြင်မရှိပါ။ ခေါင်းထဲ မှာ ရှိတာက ပြီးခဲ့ပြီးတဲ့ ၂ ရက်လောက် က ထား သူငယ်ချင်းတွေ နဲ့ကျူရှင် မတက်ပဲ လျှောက်သွားသည့် ကိစ္စပင်။ ကောင်မလေးတွေချည်း ပဲ ဆိုမပြောလို…သို့သော် …ထား ကို ကြိုက်နေသော ကောင်လေးကပါ ပါနေသောကြောင့် ဖြစ်သည်။ ထား ဘက်ကတော့ ဘာစိတ်မှမရှိဘူးဆိုတာ တစ်ထစ်ချ ယုံကြည်နိုင်သည်။ ရှေးလူကြီးတွေ ပြောသလို တင်းလွန်းရင်လည်း ပြတ်၊ လျော့လွန်းရင်လည်း တခြားသူနောက်ပါသွားမှာ စိုးလှသည်။
မိုးထားသော ထီးအရိပ်အောက်မှ အပေါ်မော့ကြည့်လိုက်၏။ ထား နှင့် အတူလောကကြီး တစ်လုံးကပင် ပုံပြင်နားထောင်ရန် မှင်သက် ငြိမ်သက်နေသလိုပင်။
” ပုံပြင်ရဲ့ခေါင်းစဉ်က နေ နဲ့ လ တဲ့ ”
” ဟုတ် ”
” ဟိုးရှေးရှေးတုန်းက နေမင်း နဲ့ လမင်းတို့ က ချစ်သူစုံတွဲတွေတဲ့..နေမင်းကလည်း အရမ်းချစ်သလို လမင်းစန္ဒာကလည်း ပျောက်မခံဘူုးတဲ့...အရမ်းချစ်လွန်းတော့လည်း လမင်းကို အစစအရာရာ အလိုလိုက်ထားတာတဲ့…နေမင်းက ညဘက်ဆို လမင်းကို လာတွေ့တယ်..
လမင်းက နေ့ဘက်ဆို နေမင်းဆီလာတယ်…
အဲ့လိုနဲ့ပဲ လောကကြီးက နေ့မှန်း ညမှန်းမသိအောင် သာယာနေတာပေါ့..
တနေ့ ကျတော့ လမင်းက နေမင်းမသိအောင် သူငယ်ချင်း ကြယ်လေးတွေနဲ့ နဂါးငွေ့တန်းဆီကို လျှောက်လည် ကြတယ်တဲ့…
နေမင်း က သိလည်းသိကော ဒေါသတွေ တအားထွက်ခဲ့တယ်တဲ့… ”
စကားစ ကို ဖြတ်ပြီး ထား ၏ ခေါင်းလေးကို
သပ်မိလိုက်သည်။အမှန်က ဘာဆက်ပြောရမှန်း စဉ်းစားနေတာဆို ပိုမှန်မည်။
စကားစကို ပြန်ဆက်လိုက်၏။ 
” အမှန်က လမင်း ပေါင်းနေတဲ့ သူငယ်ချင်းတွေ ထဲမှာ လမင်းကို ကြိုက်နေတဲ့ ဓူဝံကြယ် က ပါနေလို့တဲ့…နေမင်းက လမင်းကို စိုးရိမ်ပြီးတော့ မေးခွန်းတစ်ခု မေးလိုက်တယ်…အဲ့မေးခွန်းကတော့  နေမင်းကို ရွေးမလား သူငယ်ချင်းကြယ်လေးတွေနဲ့ပဲ ပျော်ပါးမလားပေါ့…လမင်းက ခဏကြာစဉ်းစားပြီး အဖြေတစ်ခု ပြန်ပေးခဲ့တယ်….အဲ့အဖြေကတော့ ကြယ်လေးတွေဝန်းရံပြီး ကောင်းကင်ကြီးပေါ်မှာပဲ နေချင်တယ်တဲ့…..
အဲ့လိုနဲ့ပဲ နေမင်းက အရမ်းဝမ်းနည်းသွားပြီး လမင်းနဲ့ ကမ္ဘာတစ်ခုခြားကို ထွက်ခွာခဲ့တယ်တဲ့…. လမင်းကိုလည်း နေမင်းက သူ့ဆီအလာမခံ သလို…နေမင်းကလည်း လမင်းဆီကို မသွားတော့ဘူးတဲ့…  လမင်းကတော့ သူ့သူငယ်ချင်း ကြယ်လေးတွေ နဲ့ ကောင်းကင်ကြီးပေါ်မှာပဲ ပျော်ပါးနေတယ်တဲ့.. ဒါပေမယ့် ဓူဝံကြယ်ကိုတော့ အနားအကပ်မခံခဲ့ဘူး…. တစ်ခါတစ်ရံမှာတော့ သူ့ချစ်သူ နေမင်းကို လွမ်းလွန်းလို့ နောင်တမျက်ရည်တွေ ကျမိတယ်တဲ့… အဲ့မျက်ရည်တွေက ကောင်းကင်ကြီးတစ်ခုလုံးကို ပြည့်လျှံသွားပြီး မှောင်မဲသွားလို့ လမင်းရဲ့မိုက်မဲမှု အတွက် လမိုက်ည လို့ ခေါ်တယ်တဲ့…. တကယ်ဆို သူသာ နေမင်းကို ရွေးလိုက်ရင် နောင်တရမှာမဟုတ်သလို မျက်ရည်လည်း မကျရဘုးလေ… အခုတော့ သူ့ရဲ့ရွေးချယ်မှုက သူ့ကို ဒဏ်ခတ်ထားသလိုဖြစ် နေတော့ ပြင်ဆင်လို့လည်းမရတော့ ဘူးပေါ့… ကဲ ပုံပြင်ကတော့ ဒါပဲ…. ”
” ဟုတ်…လမင်းကလည်းနော် နေမင်းကိုရွေးလိုက်ရင် ပြီးရော… ”
” အင်း …ကို မေးချင်တာ က ထားကို ကို က အဲ့လိုမေး ရင် ထား ဘယ်လိုဖြေမလဲ “  
ထား ဘက်က အဖြေမလာသလို ဘာအသံမှလည်းမကြားတော့။
ခေတ္တတိတ်သွားသည်။နားထင် မှ တွယ်စီးလာသော ချွေးစက်များအား တစ်ရှုးစလေးထုတ် ကာ သပ်လိုက်သည်။ ဆုံးဖြတ်ချက်ချနေသလို ခေါင်းလေးကို လေးပင်စွာညှိတ်လိုက်ပြီး အနည်းငယ် ကြာတော့
” ထား ကို့ကို အရမ်းချစ်တယ်…အဲ့လိုပဲ ထား နောင်တလည်း မရချင်ဘူ…. ထားနောက်ဆို ကို မကြိုက်တာ မလုပ်တော့ပါဘူး… ” 
ဟုဆိုကာ ကျွန်တော့ခါးကို သိုင်းဖက်လိုက် ၏။ ထား ၏ ခေါင်းလေးကို ဖက်ပြီး ရင်ခွင်ထဲသို့ဆွဲ သွင်းလိုက်သည်။ ပုံပြင်က ရှိမရှိ လည်းမသိ၊ ခေါင်းထဲ ရှိရာ ကိစ္စကိုသာ ဦးတည်လိုက်တာကိုတော့ ကိုယ့်ဘာသာကိုယ် သိသည်။
မတ်လ၊နွေနေ ကတော့ ပူလောင်နေဆဲ။ နေရာတိုင်း ကြည့်လိုက်လျှင် အခိုးအငွေ့တွေ နှင့် မြေငွေ့တို့ ပျံနေပြီ။ ကြွေကျသော သစ်ရွက် အိုများက လည် လေထဲမှာတင် ပြာဖြစ်မတက် အိုမင်းနေပြီ။ သို့သော် ကျွန်တော့ ရင်ထဲက နှလုံးသားက တော့ ရေခဲရိုက်ထားသော ပန်းသီးတစ်လုံးကဲ့သို့ ခဲမတက်ပင်အေးနေပြီ။ သြော်….ထားက ကျွန်တော့ရင်ထဲ ရောက်နေပြီလေ..။
မောင်ရေချမ်း
From.....http://gtuonline.org/profiles/blog/show?id=2660565%3ABlogPost%3A884006&xgs=1&xg_source=msg_share_post